Home / ပဲခူးမြို့နယ် / ကမ္ဘာကြီးက သတိပေးလို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကမ္ဘာကြီးက သတိပေးလို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်

မေ ၂၄ (ပဲခူး)

==================================================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ (၂၄)ရက်နေ့၊ နံနက်(၁၀) နာရီအချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များ ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်မှ အမှာစကား ပြောကြားရာ ကမ္ဘာကြီးတွင် ပူလောင်မှုများ၊ ရေကြီးမှုများစသည့် ရာသီဥတု ပြောင်းလဲမှုတွေ တွေ့ကြုံခံစားနေရကြောင်း၊ ဒီလိုခံစားမှုများကို ဖြေလျော့ပေးနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လက်တွေ့နယ်ပယ်မှာ လူသားအားလုံး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံမှ အမှာစကား ပြောကြားရာတွင် လက်ရှိကမ္ဘာကြီးမှာ ရာသီဥတု ဖောက်ပြန်မှုများ ကြုံတွေ့နေရခြင်းသည် သတိပေးနေခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အား ဆက်လက် မထိန်းသိမ်းပါက ပိုမိုဆိုးဝါးသွားမည်ဖြစ်ကြောင်း၊ ဒီနှစ် ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို မြန်မာနိုင်ငံ သည် ဒုတိယမြောက် အဆိုးဝါးဆုံးခံစားရမည့် နိုင်ငံတစ်ခုဖြစ်နေကြောင်း၊ ဒါကိုကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ကို အထူးအလေးထား ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် တရားမျှတမှု ရှိခြင်းသည်လည်း အရေးပါလာပြီ ဖြစ်ကြောင်း၊ ဥပမာ တရားမဝင် သစ်ခိုးထုတ်နေမှုများ၊ မြစ်ချောင်းများအတွင်း တရားမဝင် မြစ်ကျောက်စရစ်ထုတ်ယူမှုများ၊ ရွှေတူးဖော်မှုများနှင့် အလွန်အမင်း မီးခိုးများထွက်သည့် စက်ရုံ အလုပ်ရုံများစသည်တို့ ပါဝင်ကြောင်း၊ ရာသီဥတုသည် သဘာဝပတ်ဝန်းကျင်နှင့် တိုက်ရိုက် သက်ဆိုင်နေ၍ လူတိုင်းမှာ တာဝန်ရှိနေပါကြောင်းနှင့် အစိမ်းရောင် စီးပွားရေးလုပ်ငန်းများ စဉ်ဆက်အပြတ် ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြည်သူ လူထုများ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာနီနီအောင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတက်တိုးအောင်မှ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးခိုင်ထွန်းမှ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု) လမ်းညွှန်ချက်များကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသူများမှ မွေးခွန်းများ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။