Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲတော် ကျင်းပပြုလုပ်

ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲတော် ကျင်းပပြုလုပ်

အောက်တိုဘာ ၂၁(ပဲခူး)
===================================

အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရွှေတန်ဆောင်းကျေးရွာ၌ ကယားတိုင်းရင်းသားများ၏ ဒုတိယအကြိမ်မြောက် ၂၀၁၇ခုနှစ် စုပေါင်းအဲဒိုပေါ်မီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရွှေတန်ဆောင်းကျေးရွာ ကျောင်းထိုင်ဘုန်းတော်ကြီးက ဆုတောင်းမေတ္တာပို့သပြီး ကယားတိုင်းရင်းသားများက ကယားရိုးရာ အဲဒိုပေါ်မီအကဖြင့် သီဆိုကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ထန်းတပင်မြို့နယ် ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးဂျော့ဂျေက အမှာစကားပြောကြားပြီး တက်ရောက်လာသော ဧည့်သည်များက မိတ်ဆက်ကာ ကော်မတီအတွင်းရေးမှူး ခူးညွန့်ရယ်က အဲဒိုပေါ်မီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ကျင်းပရသည့်အကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ထန်းတပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်းရင်းသားလူမျိုးအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးချစ်ဇော်လင်းတို့က အားပေးအမှာစကားပြောကြားပြီး ကယားအမျိုးသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကကြီး ကအဲဒိုပေါ်မီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကယားဘာသာစကားဖြင့် ရှင်းလင်းပြောကြားကာ ကယားပြည်နယ်တွင် ကျင်းပပြုလုပ်သည့် (၆)ကြိမ်မြောက် စုပေါင်းအဲဒိုပေါ်မီပွဲတွင် ပြည်သူလူထုမှ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချမှတ်ထားသည့် အချက်အလက်များကို ကယားလီဖု လူငယ်ကော်မတီမှ ဆွေးနွေးချပြသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးက ပွဲတော်ကျင်းပရေးကော်မတီသို့ အလှူငွေပေးအပ်ပြီး ဒေသခံကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်ပြောကြားကာ ကယားရိုးရာ အဲဒိုအေါ်မီအကဖြင့် စုပေါင်းဝိုင်းဖွဲ့ကပြဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ကယားတိုင်းရင်းသားများသည် နှစ်စဉ်မိမိတို့၏ ရိုးရာအမျိုးအစားကိုလိုက်၍ ပွဲတော်များကျင်းပကြရာ အဲဒိုပေါ်မီခေါ်ဒီးကူ (ကောက်ညှင်းထုပ်ပွဲ)သည် ကယားလူမျိုးတို့၏ အထင်ကရပွဲဖြစ်သည်။ အဆိုပါပွဲတော်ကို မိုးတွင်းဖြစ်သည့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် အများအားဖြင့် (၃)ရက်ကျင်းပပြီး ဒီးကူခေါ်ကောက်ညှင်းထုပ်ကို ထုပ်ပြီးပြုတ်ကြသည်။ ဒီးကူအပြင် ထမင်းဟင်းလျာများနှင့် ခေါင်ရည်များဖြင့် ရောက်ရှိလာသော ဧည့်ပရိသတ်များကို အိမ်တိုင်းဖိတ်ခေါ်ပြီး ကျွေးမွေးလှူဒါန်းကြသည့်အပြင် အဲဒိုပေါ်မီအကဖြင့်လည်း အိမ်စဉ်လှည့်လည် ကပြဖျော်ဖြေကြသည်။
အဆိုပါပွဲတော်အား ကယားတိုင်းရင်းသား ရိုရာဓလေ့ထုံးတမ်းများကို အစဉ်အလာမပျက် ကျင်းပခြင်းအားဖြင့် တိုင်းရင်းသား ညီအကိုမောင်နှမများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်၊ အဲဒိုပေါ်မီ၏ အနှစ်သာရနှင့် အစဉ်အလာကို သိရှိနားလည်ပြီး ပိုမိုမြတ်နိုး တန်ဖိုးထားတတ်စေရန်၊ အဲဒိုပေါ်မီသည် ကရင်နီခေါ် ကယားတိုင်းရင်းသား မျိုးနွယ်စုအားလုံးနှင့် သက်ဆိုက်သော နေ့ထူးနေ့မြတ် အခါသမယဖြစ်၍ လူမျိုးဘာသာမရွေး စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ဆင်နွဲကြရန်၊ အဲဒိုပေါ်မီတွင် မကောင်းဆိုးဝါးများနှင့် ကျူးကျော်ရန်စသူများအား တိုက်ခိုက်မောင်းထုတ်ခြင်းကို ဖော်ဆောင်သည့် နေ့ထူးနေ့မြတ်ဖြစ်၍ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် မျိုးချစ်စိတ်ဓာတ်ကို ခိုင်မာစွာတည်ဆောက်ရန် ရည်ရွယ်ပြီးကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။