Home / ပဲခူးမြို့နယ် / ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊သေဆုံးမှုလျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲကျင်းပပြုလုပ်

ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊သေဆုံးမှုလျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲကျင်းပပြုလုပ်

မေ ၁၇ (ပဲခူး)
==================================

မေလ(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းနှင့် တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊သေဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်မည့်လုပ်ငန်းများအား အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဓိကကျသည့် လုပ်ငန်းဖြစ်သော သွေးလွန်တုပ်ကွေး ရောဂါပိုးသယ်ဆောင်သော ခြင်မပေါက်ပွားအောင် ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းဖြစ်သည့် ဖုံး၊သွန်၊လဲ၊စစ် ဆောင်ရွက်ခြင်းကို ပြည်သူတစ်ရပ်လုံးက ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ပါဝင်ဆောင်ရွက်ပါမှ ပိုမိုထိရောက်နိုင်မှာဖြစ်ကြောင်း အမှာစကားပြောကြားပြီး ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မိတ်ဆက်ခြင်းအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးပို့သောသဝဏ်လွှာကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းက ဖတ်ကြားသည်။
ထို့နောက် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်ဖြစ်ပေါ်လာပုံနှင့် ပါဝင်သောအကြောင်းအရာများကို နေပြည်တော် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးကလည်းကောင်း၊ မြန်မာနိုင်ငံအတွင်းနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ရှေ့အလားအလာနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား နေပြည်တော်ဗဟိုငှက်ဖျားတိုက်ဖျက်ရေးမှ ဒုတိယညွှန်ကြားရေးမှူး (သွေးလွန်တုပ်ကွေး/ဆင်ခြေထောက်) ဒေါက်တာဇော်လင်းက ရှင်းလင်းဆွေးနွေးတင်ပြပြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပြသထားသောပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။
ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်သည် ပြည်သူအားလုံးအတွက် အကျိုးရှိသောစာအုပ်ဖြစ်ပြီး အဆိုပါစာအုပ်တွင် အပိုင်း(၁၂)ပိုင်းပါရှိကာ ဤစာအုပ်ကိုလက်ကိုင်ပြု၍ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေး လုပ်ငန်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်သည်။ ကျန်းမာရေးအသိပညာ မြင့်မားလာပါက ရောဂါဖြစ်ပွားမှုများကို ကြိုတင်ကာကွယ်နိုင်မည်၊ ဆေးရုံဆေးခန်းများသို့ တက်ရောက်ကုသမှုများ လျော့နည်းသွားပေမည်၊ ဆေးရုံတက်လူနာ လျော့နည်းလာသည်နှင့်အမျှ ကုသရေးစောင့်ရှောက်ရေး အရည်အသွေးတိုးတက်လာနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ငွေကြေးကုန်ကျမှု လျော့နည်းသွားမည်ဖြစ်ပါသည်၊ အကျိုးဆက်အားဖြင့် ဆေးရုံတက်ရောက်ကုသရသည့်အတွက် လူမှုစီးပွားရေးအခပ်အခဲများ လျော့နည်းကျဆင်းသွားမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများရှိနေသောကြောင့် မိုးရွာသွန်းမှုများသည့် ဇွန်၊ဇူလှိုင်လများတွင် ပိုမိုများပြားမလာစေရန် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာမှာ ကျန်းမာရေးဌာနနှင့်အတူ မိတ်ဘက်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝရရှိစေရန်ရည်ရွယ်၍ အသိပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး အများဆုံးဖြစ်သောနှစ်သည် ၂၀၀၅ခုနှစ်ဖြစ်ပြီး အဆိုပါနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ(၃၂၂၇)ဦး ဖြစ်ပွားခဲ့သည်။ ရောဂါကြောင့်သေဆုံးသူအများဆုံးနှစ်မှာ ၂၀၀၉ခုနှစ်ဖြစ်ပြီး (၃၃)ဦးအထိသေဆုံးခဲ့သည်။ ၂၀၁ရခုနှစ်တွင် (၁၈၀၁)ဦးဖြစ်ပွားပြီး (၁၈)ဦးသေဆုံးခဲ့သည်။ ၂၀၁၈ခုနှစ် မေလ(၆)ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ(၅၄)ဦးရှိပြီး သေဆုံးသူမရှိသေးကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံအုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျောင်းကျန်းမာရေးဆရာဝန်များ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုဆရာမများ၊ ကျောင်းအုပ်ကြီးနှင့် သားဖွားသင်တန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေးဌာနမှ ဆရာ/ဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။