Home / ကျောက်တံခါးမြို့နယ် / ကျောက်တံခါးမြို့နယ်ရှိ စာသင်ကျောင်း၊ မီးသတ်စခန်းနှင့် ကျေးလက်လမ်းဖောက်လုပ်မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျောက်တံခါးမြို့နယ်ရှိ စာသင်ကျောင်း၊ မီးသတ်စခန်းနှင့် ကျေးလက်လမ်းဖောက်လုပ်မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၂၁ (ပဲခူး)

==========================

ဇန်နဝါရီလ ၂၁ ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် သည် သက်ဆိုင်ရာဌာနဆိုင်ရာများလိုက်ပါလျက် ကျောက်တံခါးမြို့နယ်ရှိ စာသင်ကျောင်း၊ မီးသတ်စခန်းနှင့် ကျေးလက်လမ်းဖောက်လုပ်မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က စာသင်ကျောင်းဆောင်နှင့် အခြေခံလိုအပ်ချက်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်က ပညာရေးကဏ္ဍအား အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လိုအပ်ချက်များအား မိမိတို့အစိုးရအဖွဲ့သို့ တိုက်ရိုက်တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ စျေးတန်း(၅)ရပ်ကွက် တွင် တည်ဆောက်ပြီးစီးသွားသည့် ဖဒိုနယ်မြေမီးသတ်စခန်း (၂)ထပ်အဆောက်အဦအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဝန်ကြီးချုပ်က လူနေအိမ်ခြေများ တိုးတက်များပြားလာခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် မီးသတ်စခန်းများ တိုးချဲ့ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မီးသတ်စခန်းများတွင် အမှန်တကယ်ပြည်သူလူထု ယုံကြည်အားကိုးနိုင်သည့် မီးသတ်ယာဉ်၊ စက်ပစ္စည်းနှင့် ဝန်ထမ်း အင်အားများ ပြည့်စုံရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ အဆိုမီးသတ်စခန်းအား ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၀၅)သန်းဖြင့် ရွှေလင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီမှ (၄၅×၅၀×၂၆) နှစ်ထပ် RCC အဆောက်အဦအဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဖောက်လုပ်လျက်ရှိသည့် သူဌေးကုန်း-ကင်းရွာလမ်းအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်လူမှ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောက်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဝန်ကြီးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းများကောင်းမွန်ရန် အရေးကြီးကြောင်း၊ ကျေးလက်လမ်းများ ကောင်းမွန်ခြင်းအားဖြင့် ကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် လမ်းများသည် လမ်းအင်္ဂါရပ်နှင့်အညီ စံချိန်စံညွှန်း ပြည့်မီရန်လိုအပ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အသုံးပြု နိုင်ရန် စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ၎င်းသူဌေးကုန်း-ကင်းရွာလမ်း အရှည်(၆)မိုင်အား ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေကျပ် (၁၄၂၈.၂၃၉)သန်းဖြင့် အကျယ်(၁၂) ပေ၊ အမြင့်(၇)လက်မရှိ ကွန်ကရစ်လမ်း၊ လမ်းဘေးဝဲယာတွင် ဂဝံလမ်း(၄)ပေ၊ မြေသားလမ်း(၄) ပေစီပါဝင်မည်ဖြစ်ပြီး စုစုပေါင်း လမ်းအကျယ်(၂၈)ပေဖြစ်ကြောင်းနှင့်  ယင်းလမ်းပိုင်းအား ၂၀၁၈ ခုနှစ်၊ မတ်လစတုတ္ထပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။