ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

ဇူလိုင် ၁၂ (ပဲခူး)
==============================

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဇူလှိုင်လ(၁၂)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က Yangon Transformer & Electrical Co., Ltd မှ ဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား/သူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းတို့က အမှာစကားပြောကြားကြသည်။
ထို့နောက် အလှူရှင် သီတဂူဦးမောင်သောင်း (Yangon Transformer & Electrical Co.Ltd)မှ ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အုတ်ဖိုမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်စုစုကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများအား အလှူရှင် သီတဂူဦးမောင်သောင်းမှ တိုင်းဒေသကြီး ပညာရေးမှူးထံ လွှဲပြောင်းပေးအပ်ပြီး ကျောင်းသား/သူများက တိုင်းရင်းသားအကများဖြင့်လည်းကောင်း၊ ဇာတိမာန်သီချင်း သီဆို၍လည်းကောင်း အခမ်းအနားကိုရုပ်သိမ်းကာ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု ကြသည်။
အဆိုပါ ကျောင်းဆောင်သည် အလျား(၁၂၀)ပေ၊ အနံ(၃၀)ပေ၊ အာစီတစ်ထပ်အဆောက်အဦဖြစ်ပြီး ကျောင်းသား/သူများ ပညာသင်ကြားရာတွင် နေရာအခက်အခဲမရှိစေရေးအတွက် အလှူရှင် သီတဂူဦးမောင်သောင်း (Yangon Transformer & Electrical Co.Ltd) ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။
ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်မိသားစုများ၊ ဒေသခံများ တက်ရောက်ကြကြောင်း သိရသည်။