ကျောင်းပြင်ပမူလတန်း ပညာရေးသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်

ဇူလိုင် ၂၇
==================================

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်သော်ခန်းမ၌ ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ကျောင်းပြင်ပမူလတန်းပညာရေး (NFPE)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုညှိနှိုင်းရေးမှုကော်မတီ ဆရာကြီးဦးအေးကြိုင်က ကျောင်းပြင်ပ မူလတန်းပညာရေး သင်တန်းများ ဖွင့်လှစ်သင်ကြားနေသည့် အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းက တိုင်းဒေသကြီးအတွင်းရှိ ကျောင်းပြင်ပ မူလတန်းပညာရေး သင်တန်များဖွင့်လှစ်သင်ကြားမည့် အခြေအနေများကို ရှင်းလင်းတင်ပြီး တိုင်းဒေသကြီး ကျောင်းပြင်ပ မူလတန်းပညာရေးကြီးကြပ်ရေး ဥက္ကဌကိုယ်စား ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ကျောင်းပြင်ပ မူလတန်းပညာရေးကြီးကြပ်မှု မြို့နယ်ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်လွှာများ ပေးအပ်သည်။
ယင်းနောက် ၂၀၁၆-၂၀၁၇ခု ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး ဒုတိယဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်း ထူးချွန်သင်တန်းသား ပထမ၊ ဒုတိယ၊ တတိယရရှိသူများ၊ စွမ်းဆောင်ရည် အကောင်းဆုံးမြို့နယ်ဆု၊ မြို့နယ်ပညာရေးမှူးဆု၊ မြို့နယ်ကြီးကြပ်ရေးမှူးဆု၊ အခြေစိုက်စခန်းကြီးကြပ်မှုကော်မတီဆု၊ အခြေစိုက်ကျောင်းအုပ်ကြီးဆု၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေးမှူးထူးချွန်းဆု၊ ကျောင်းပြင်ပပညာရေးသင်ပြသူ ဆရာ/ဆရာမထူးချွန်ဆု ရရှိသူများအား ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး အလှူရှင်များက အလှူငွေနှင့် သင်ထောက်ကူပစ္စည်းများအား ပေးအပ်လှူဒါန်းကြသည်။
ဆက်လက်၍ ကျောင်းပြင်ပ မူလတန်းပညာရေး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်မြို့နယ် ကျောင်းပြင်ပ မူလတန်းပညာရေး ဆရာ/ဆရာမများက To Day “ကလေးများအတွက်ဒီနေ့” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျောင်းပြင်ပမူလတန်းပညာရေးသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ရသူများ၊ ကျောင်းနေခဲ့သော်လည်း မူလတန်းပညာမပြီးဆုံးမီ ကျောင်းစောထွက်ခဲ့ရသူ အသက်(၁၀)နှစ်မှ (၁၄)နှစ်သက်ငယ်အုပ်စုဝင် ကလေးများအား ဒုတိယအကြိမ် ပညာရေးအခွင့်အလမ်း ထပ်မံဖြည့်ဆည်းပေးသည့်အနေဖြင့် မူလတန်းပညာ သင်ယူပြီးမြောက်ရေးအတွက် ဆောင်းရွက်ပေးခြင်း ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ်တွင် မြို့နယ်(၁၂)မြို့နယ်မှ အခြေစိုက်စခန်း(၅၄)မှာ Level(1) ကလေး(၆၁၀)ဦး၊ Level(2)ကလေး (၃၀၀)ဦး၊ စုစုပေါင်း(၉၁၀)ဦးအား ဆရာ/ဆရာမ(၈၆)ဦးဖြင့် ဇူလိုင်(၁)ရက်နေ့မှ စတင်၍ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်သည်။ ၂၀၁၇-၂၀၁၈ခုပညာင်နှစ်တွင် NFPEမှအခြေခံကျောင်း အသီးသီးသို့ ကူးပြောင်းတက်ရောက်နေသူ (၁၈၂)ဦးရှိရာ ပန်းတောင်းမြို့နယ်တွင် ဒဿမတန်းအဆင့် ပညာသင်ကြားနေသော ကလေးတစ်ဦးပင်ရှိနေပြီဖြစ်သည်။
ယနေ့အခမ်းအနားတွင် ၂၀၁၆-၂၀၁၇ခု ကျောင်းပြင်ပ မူလတန်းပညာရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာအုပ်(၂၀၇)ဒါဇင်နှင့် ငွေသား(၃)သိန်း၊ ပေါင်း(၇၃၄၇၀၀)ကျပ်၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်ရေးကော်မတီမှ စာအုပ်(၂၄)ဒါဇင်နှင့် ငွေသား(၁)သိန်းကျပ်၊ ပေါင်း(၁၅၀၄၀၀)ကျပ်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ စာအုပ်(၂၄)ဒါဇင်နှင့် ငွေသား(၁)သိန်းကျပ်၊ ပေါင်း(၁၅၀၄၀၀)ကျပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများက ငွေသား(၅)သိန်း(၈)သောင်းကျပ်၊ ပဲခူး/တောင်ငူ/ပြည်/သာယာဝတီခရိုင် အုပ်ချုပ်ရေးမှူးများက ငွေကျပ်(၁၁)သိန်း(၉)သောင်းကျပ်၊ ပညာရေးဌာနနှင့် ဆောင်ရွက်ကြသော ကုမ္ပဏီများက ငွေကျပ်(၂၁)သိန်း(၅)သောင်းကျပ်၊ ပြည်မြို့နယ် ကင်းထောက်လူငယ်များနှင့် ကျောင်းသားလူငယ်များက သင်ထောက်ကူပစ္စည်းများ လှူဒါန်းပြီး စုစုပေါင်းလှူဒါန်းမှု တန်ဘိုးမှာငွေကျပ် (၄၉၅၅၅၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။