Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ကျောင်းအပ်နှံရေး နေ့သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာဖွင့်ပွဲ ကျင်းပပြုလုပ်

ကျောင်းအပ်နှံရေး နေ့သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာဖွင့်ပွဲ ကျင်းပပြုလုပ်

မေလ ၂၅ (ပဲခူး)
================================

မေလ(၂၅)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျတုကျောင်းဆောင်ရှေ့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်။
ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးကျော်ဆင့်တို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်လှုံဆော်ရေး မြေစိုက်ပိုစတာတွင် “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး” ဟုရေးသားထားရှိသည်။
ကျောင်းလာအပ်ရာတွင်လည်း ကျောင်းလာအပ်သည့် ကလေးသည်ငါးနှစ်ပြည့်ဖို့ တစ်လလိုနေမည်ဆိုပါက သက်ဆိုင်ရာ ကျောင်းအုပ်၏ ထောက်ခံချက်၊ နှစ်လလိုပါက မြို့နယ်ပညာရေးမှူး၏ထောက်ခံချက်၊ သုံးလလိုပါက တိုင်းဒေသကြီးပညာရေးမှူးတို့ရဲ့ ထောက်ခံချက်များနှင့် ကျောင်းအပ် လက်ခံမည်ဖြစ်ပြီး ယခုပညာသင်နှစ်တွင် အသက်ငါးနှစ်ပြည့်ပြီးသူတိုင်းကို သူငယ်တန်း (KG) တွင်လည်းကောင်း၊ အသက်ခြောက်နှစ် ပြည့်ပြီးသူတိုင်းကို ပထမတန်း (Grade-1) တွင်လည်းကောင်း စတင်အပ်နှံပေးရမည်ဖြစ်သည်။ ကျောင်းနေအရွယ် အားလုံးကျောင်းအပ်နှံရေးအတွက် မိဘများက ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက် ပေးရန်လိုအပ်ပြီး ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တစ်စုံ၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံတစ်စုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီတို့ကို အခမဲ့ထောက်ပံ့ သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဒုဥက္ကဌ၊ ဒုတိယဥက္ကဌ၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဆရာကြီးဆရာမကြီးများ၊ မိဘပြည်သူများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။