Home / ပဲခူးမြို့နယ် / ကျေးလက်မီးလင်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် Iconic Globle Solution မှာ လာရောက်တွေ့ဆုံ

ကျေးလက်မီးလင်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် Iconic Globle Solution မှာ လာရောက်တွေ့ဆုံ

စက်တင်ဘာ ၁၂ (ပဲခူး)

====================================

စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ရုံးခန်းသို့ ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အမေရိကန်နိုင်ငံအခြေစိုက် Iconic Globle Solution, Chief Executive Officer ဦးဇော်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ သည်။

ရှေးဦးစွာ ဦးဇော်ထွန်းက ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၊ ပြည်သူ၊ ကုမ္ပဏီတို့အတွက် အကျိုးရှိသည့် လုပ်ငန်းဆောင်ရွက်ချက်မျိုး ဖြစ်ရန်လိုအပ်ပါ ကြောင်း၊ လက်ရှိ ကျေးလက်မီးလင်းရေးစီမံကိန်းများသည် ကမ္ဘာ့ဘဏ်ချေးငွေ၊ ကုမ္ပဏီထည့်ဝင်ငွေ နှင့် ဒေသခံပြည်သူထည့်ဝင်ငွေတို့ဖြင့် လုပ်ငန်းဆောင်ရွက်နေရပါကြောင်း၊ ကျေးရွာမီးလင်းရေး ကော်မတီတွင် လျှပ်စစ်ကျွမ်းကျင်သူမရှိသဖြင့် ရေရှည်ထိန်းသိမ်းခြင်း အားနည်းချက်များကြောင့် ပြည်သူများ အခက်အခဲဖြစ်စေနိုင်ပါကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် ကျေးလက်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ကုမ္ပဏီဘက်မှ ဆောင်ရွက်ပေးရမည့် အချက်၊ အစိုးရဘက်မှ အာမခံပေးရမည့်အချက်၊ ပြည်သူများ၏ သဘာတူညီချက် စသည်တို့ကို အစီအစဉ်များ ရေးဆွဲပေးသွားမည်ပြီး၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသည် ၎င်း အချက်အလက်များကို သဘောတူညီမှသာ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ ဘက်မှ အစိုးရသို့ (၅%)နှုန်း ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်၍ ယင်းအခွန်ဝင်ငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ စာသင်ကျောင်းနှင့် ဆေးရုံ/ဆေးခန်းများစသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ကျေးလက်မီးလင်းရေးနှင့်ပတ်သက်၍ မဟာဓာတ်အားလိုင်းနှင့် (၃)မိုင်ခန့်ကွာဝေးသော ကျေးရွာများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသများတွင် သုံးစွဲနေသော လျှပ်စစ်သွယ်တန်းသုံးစွဲသည့် ဆက်စပ်ပစ္စည်းများ၏ အရည်အသွေးများလည်း စနစ်တကျ စစ်ဆေးဘို့လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား အန္တရာယ်ကင်းကင်းနှင့် ပြည်သူဝန်ထုပ်ဝန်ပိုး မဖြစ်စေနိုင်သည့် ဓာတ်အားခဖြစ်ရန်လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများနှင့်ပတ်သက်၍ ဒေသခံ ပြည်သူများအား သင်တန်းပေးပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိစေရန် ကုမ္ပဏီမှ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် ယခုလို ပြည်သူလူထုအတွက် ရေရှည်အကျိုးဖြစ်ထွန်း စေသည့် ကျေးလက်မီးလင်းရေးအတွက် အထောက်အကူပြုနိုင်သော နည်းလမ်းကောင်းများအား လာရောက်ရှင်းလင်းတင်ပြမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် Iconic Globle Solution ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။