Home / ပဲခူးမြို့နယ် / ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့ ပဲခူးမြို့သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုများဆောင်ရွက်

ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့ ပဲခူးမြို့သို့ ရောက်ရှိပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုများဆောင်ရွက်

ဧပြီ ၇ (ပဲခူး)
====================================

ပြည်သူလူထုအကြား လူမျိုးဘာသာမခွဲခြားဘဲ ငြိမ်းချမ်းရေး စိတ်ဓာတ် စိမ့်ဝင်ပျံ့နှံ့ပြီး ပေါ်လွင်ထင်ရှားစေရန် ရည်ရွယ်၍ မြန်မာပြည်အနှံ့ နယ်လှည့် လှုပ်ရှားဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးတွဲလက်များWheel Chair ရထားအဖွဲ့သည် ဧပြီလ(၇)ရက်နေ့ နေ့လည်(၁၂)နာရီအချိန်က မွန်ပြည်နယ် ကျိုက်ထိုမြို့မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ် ဘုရာကြီးမြို့တို့ကိုဖြတ်သန်းကာ ပဲခူးမြို့သို့ ရောက်ရှိလာခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့အား ပဲခူးတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစဉ် သက်ဆိုင်မြို့နယ်အလိုက် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများနှင့် ကျောင်းသား/သူများက သောင်းသောင်းဖျဖျ ဝမ်းပန်းတသာ ပန်းစည်းကမ်း၍ကြိုဆိုကြသည်။ ပဲခူးမြို့တွင်လည်း တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွှန်ညွန်ဌေး၊ လုမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့် လွှတ်တော်ပိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူများ၊ ကျောင်းသား/သူများ၊ အိုးစည်ဒိုးပတ်ဝိုင်းအဖွဲ့နှင့် ဘင်ခရာအဖွဲ့များက တောင်ငူလမ်းမကြီးတစ်လျှောက်၊ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုအထိ ထိုမှတစ်ဆင့် ရွှေမော်ဓောဘုရားလမ်းတစ်လျှောက် ဗုဒ္ဓအသံဓမ္မဗိမာန်အထိ လမ်းဘေးဝဲယာမှ ပန်းစည်းကမ်းကြိုဆိုခြင်း၊ အအေးတိုက်ကြွေးခြင်းများ ပြုလုပ်ကြသည်။
ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့သည် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းကြရန်၊ ဆွေးနွေးစားပွဲဝိုင်းတွင် ထိုင်ပြီးငြိမ်းချမ်းရေးအတွက် ဆွေးနွေးတိုင်ပင်ကြရန်၊ တိုက်ခိုက်နေသည့် နှစ်ဖက်သောသူတွေအားလုံး တစ်ဦးနဲ့တစ်ဦး သင်ပုန်းချေနိုင်ကြရန်နှင့် ပြည်သူလူထုအတွင်း ငြိမ်းချမ်းရေးစိတ်ဓာတ်များ စိမ့်ဝင်ပျံ့နှံ့ပြီး ရှိနေစေရန်ရည်ရွယ်၍ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ညအိပ်ရပ်နားပြီး ည(၈)နာရီအချိန်တွင် ဗိမာန်ရှေ့ရှိ စင်မြင့်ထက်တွင် ခဝဲခြံမျက်မမြင်ကျောင်း တေးဂီတအဖွဲ့က ငြိမ်းချမ်းရေးတေးသီချင်းဖြင့် တီးခတ်ဖျော်ဖြေတင်ဆက်ခြင်း၊ ငြိမ်းချမ်းရေး ရင်တွင်းဖြစ် စကားများနှင့် လက်မှတ်များကောက်ခံခြင်းတို့ကို ဆောင်ရွက်ကြသည့်အပြင် ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းအချိန်တွင် “တို့လိုချင်တဲ့ ငြိမ်းချမ်းရေး နှုတ်ကဖွင့်ဟပြောကြားပေး” ဟုရေးသားထားသည့် ငြိမ်းချမ်းရေးပိုစတာ ဆိုင်းဘုတ်များစိုက်ထူကြပြီး ပဲခူးမြို့မှ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့သို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်သည်။
ငြိမ်းချမ်းရေးတွဲလက်များ Wheel Chair ရထားအဖွဲ့တွင် အမြင်အာရုံ မသန်စွမ်းသူ(၁၀)ဦး၊ ဘီးတပ်ကုလားထိုင်အဖွဲ့တွင်(၁၀)ဦး၊ ကိုယ်အင်္ဂါချို့တဲ့သူ၊ အကြားအာရုံမသန်စွမ်းသူ၊ အခြားမသန်စွမ်းသူများနှင့် ဝိုင်းဝန်းကူညီသူများ၊ အုပ်ချုပ်ရေးအဖွဲ့များ စုစုပေါင်း(၆၀)ဦးကျော်ပါဝင်ပြီး အဆိုပါအဖွဲ့သည် ခရီးစဉ်အစမှအဆုံးဖြစ်သော ကော့သောင်းမြို့မှ ရန်ကုန်မြို့အထိ မိုင်ပေါင်း(၈၅၀)ကျော် ဖြတ်သန်းကြရမည်ဖြစ်ကြောင်း သတင်းရရှိသည်။