Home / ပဲခူးမြို့နယ် / စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်

သြဂုတ် ၇ (ပဲခူး)

================================================

သြဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး ကျင်းပပြလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ၂၀၁၇ ခုနှစ်၊ မတ်လ(၃)ရက်နေ့တွင် နိုင်ငံအဆင့် ပင်လယ် ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ကြောင်း၊ အဓိကအားဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် ဆက်စပ်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ပါဝင်ခဲ့ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသအား ခေတ်အဆက်ဆက် ထိန်းချုပ် နိုင်မှု အားနည်းခဲ့ကြောင်း၊ စစ်တောင်းမြစ်သည် မြန်မာနိုင်ငံ၏ အထင်ကရမြစ်များတွင် တစ်စင်းအပါ အဝင်ဖြစ်ပြီး စုစုပေါင်း(၄၂၈)ကီလိုမီတာခန့်ရှည်လျားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှ မြစ်ဖျားခံကာ အရှေ့ဘက်မှ ပေါင်းလောင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်းနှင့် ရွှေကျင်ချောင်း၊ နောက်ဘက်မှ ဆင်သေချောင်း၊ ရုံးပင်ချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်း၊ ဖြူးချောင်း၊ ကွင်းချောင်း၊ ရဲနွယ်ချောင်း၊ ဘိုင်းနားချောင်းနှင့် ကောလိယချောင်းတို့ ပေါင်းစုံပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင် သွားကြောင်း၊ စစ်တောင်းမြစ်သည် မြစ်ခွဲများအဖြစ် ပြန်လည်ဖျာထွက်စီးဆင်းမှုမရှိခြင်း၊ မြစ်ဝ၌ ခေါင်းလောင်းပုံ သဏ္ဍာန်ရှိခြင်း၊ ရေချိုစီးဆင်းမှု မြန်ဆန်ခြင်း၊ ဒီရေတက်သည့် ဒဏ်ကိုခံရခြင်းတို့ကြောင့် ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် ကမ်းပါးပြိုမှုဒဏ်ကို ခံစားနေရ၍ ပြဿနာတွေကို ဖြေလျော့ပေးနိုင်ရန်အတွက် စစ်တောင်းမြစ်ဝဒေသ သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ နည်းပညာ ပိုင်းဆိုင်ရာဆပ်ကော်မတီကိုလည်း ထပ်မံဖွဲ့စည်းပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးရာ စစ်တောင်းမြစ် ကမ်းပါးပြိုမှုနှင့်ပတ်သက်ပြီး မိမိတို့အစိုးရအဖွဲ့၊ နိုင်ငံတကာပညာရှင်များနှင့် NGO အဖွဲ့များကွင်းဆင်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ်းပါးပြိုကျမှုအား ထိန်းသိမ်းနိုင်ရန်အတွက် ရေတားနံရံများ တည်ဆောက်ခြင်း၊ ဒီရေတောများ စိုက်ပျိုးခြင်းတို့ကို အပိုင်းလိုက် ဆောင်ရွက်သွားရန်နှင့် လိုအပ်ပါက ရေတာတမံ အကြီးစားတစ်ခု ပြုလုပ်ခြင်းကိုလည်း ဆောင်ရွက်သွားနိုင်ရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ ယင်းသို့ပြုလုပ်ခြင်းအားဖြင့် ရေချိုထိန်းသိမ်းနိုင်သလို ပင်လယ် ဒီရေဝင်ရောက်မှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးတင်ပြကြသည်။

အဆိုပါအစည်းအဝေးကို စစ်တောင်းမြစ်ဝဒေသရှိ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရန်အတွက် လက်ရှိသဘာဝနယ်မြေ သစ်များ ထပ်မံဖွဲ့စည်းထိန်းသိမ်းခြင်း၊ သဘာဝသယံဇာတဂေဟစနစ်များ ထိန်းသိမ်းကာကွယ် သွားရန်နှင့် စစ်တောင်းမြစ်ဝ ရေကြီးမှုနှင့် ကမ်းပါးပြိုမှုများ ကာကွယ်နိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။

အစည်းအဝေးသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။