Home / ပဲခူးမြို့နယ် / စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇွန် ၇ (ပဲခူး)

==================

          ဇွန်လ (၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံခန်းမ၌ စစ်တောင်းမြစ်ဝဒေသ သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည်။

          ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စစ်တောင်းမြစ်ဝဒေသအား ခေတ်အဆက်ဆက် ထိန်းချုပ်နိုင်မှု အားနည်းခဲ့ကြောင်း၊ စစ်တောင်းမြစ်သည် မြန်မာနိုင်ငံ၏ အထင်ကရမြစ်များတွင် တစ်စင်းအပါ အဝင်ဖြစ်ပြီး စုစုပေါင်း(၄၂၈)ကီလိုမီတာခန့်ရှည်လျားပြီး မြန်မာနိုင်ငံ အလယ်ပိုင်းမှ မြစ်ဖျားခံကာ အရှေ့ဘက်မှ ပေါင်းလောင်းချောင်း၊ သောက်ရေခပ်ချောင်း၊ ကျောက်ကြီးချောင်းနှင့် ရွှေကျင်ချောင်း၊ နောက်ဘက်မှ ဆင်သေချောင်း၊ ရုံးပင်ချောင်း၊ ဆွာချောင်း၊ ခပေါင်းချောင်း၊ ဖြူးချောင်း၊ ကွင်းချောင်း၊ ရဲနွယ်ချောင်း၊ ဘိုင်းနားချောင်းနှင့် ကောလိယချောင်းတို့ ပေါင်းစုံပြီး မုတ္တမပင်လယ်ကွေ့အတွင်းသို့ စီးဝင် သွားကြောင်း၊ စစ်တောင်းမြစ်သည် မြစ်ခွဲများအဖြစ် ပြန်လည်ဖျာထွက်စီးဆင်းမှုမရှိခြင်း၊ မြစ်ဝ၌ ခေါင်းလောင်းပုံ သဏ္ဍာန်ရှိခြင်း၊ ရေချိုစီးဆင်းမှု မြန်ဆန်ခြင်း၊ ဒီရေတက်သည့် ဒဏ်ကိုခံရခြင်းတို့ကြောင့် ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် ကမ်းပါးပြိုမှု ဒဏ်ကို ခံစားနေရ၍ အဆိုပါပြဿနာများကို ဖြေလျော့ပေးနိုင်ရန်အတွက် အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ၎င်းဒေသများအား ပြည်ပခရီးသွားလုပ်ငန်းများနှင့် တွဲဖက်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစီမံချက်များ ဆောင်ရွက်နိုင်ရန် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာစောညိုဝင်းက စစ်တောင်းမြစ်ဝသည် သက်နုမြေများဖြင့် ဖွဲ့စည်းထားခြင်း၊ ရေစီးကြောင်း မတည်ငြိမ်ခြင်းတို့ကြောင့် ဒီရေတောစိုက်ခင်းများ စိုက်ပျိုးရန် မဖြစ်နိုင်ကြောင်း၊ စစ်တောင်းမြစ်ဝအနီးရှိ မြေလွတ်မြေရိုင်းများ၊ တောရိုင်းမြေများအား ပြန်လည်ဖော်ထုတ်ပြီး သစ်တောစိုက်ခင်းထူထောင်းခြင်း၊ ရေချို/ရေငန် ငါးမွေးမြူရေးလုပ်ငန်းများ၊ ဂဏန်း/ပုဇွန်မွေးမြူရေးလုပ်ငန်းများအား စီမံချက်ရေးဆွဲ ဆောင်ရွက်စေလိုကြောင်းနှင့် ကမ်းပါးပြိုကျမှုနှင့်ပတ်သက်၍ UN Habitat အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များအား တင်ပြဆွေနွေးခဲ့သည်။

          ယင်းနောက် အစိုးရအဖွဲ့ အတွင်းရေးမှူးက စစ်တောင်မြစ်ဝသည် ယခင်က ပဲခူးတိုင်းဒေသကြီး၏ ပင်လယ်ရေထွက်ပေါက်တစ်ခုဖြစ်ခဲ့ကြောင်း၊ ပင်လယ်ရေထွက်ပေါက် လုံခြုံရေး၊ ငါးသယံဇာတများ၊ ရေသယံဇာတများ မပျက်စီးစေရေးအတွက် လုံခြုံရေးချမှတ် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များမှ ဌာနများအလိုက် စစ်တောင်းမြစ်ဝ ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

          အဆိုပါအစည်းအဝေးကို စစ်တောင်းမြစ်ဝဒေသရှိ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရန် အတွက် လက်ရှိသဘာဝနယ်မြေသစ်များ ထပ်မံဖွဲ့စည်းထိန်းသိမ်းခြင်း၊ သဘာဝသယံဇာတ ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်သွားရန်နှင့် စစ်တောင်းမြစ်ဝ ရေကြီးမှုနှင့် ကမ်းပါးပြိုမှုများ ကာကွယ်နိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

          အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ သယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။