Home / ဝေါမြို့နယ် / စာကြည့်တိုက် ဖွင့်လှစ်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

စာကြည့်တိုက် ဖွင့်လှစ်ပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

ဇန်နဝါရီ ၇ (ပဲခူး)

=============================

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့၊ မွန်းတည့်(၁၂:၀၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ အဗျားဗိုလ်တဲကျေးရွာ၊ ပရဟိတဘုန်းတော်ကြီးသင်  ပညာဒါနစာသင်ကျောင်းဝင်း၌  ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အထောက်အကူပြု နဝမအကြိမ်မြောက် ပညာဒါနအစီအစဉ်နှင့် “ပညာဗိုလ်” စာကြည့်တိုက် ဖွင့်လှစ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်အားပေးခဲ့သည်။

ရှေးဦးစွာ အဗျားဗိုလ်တဲကျေးရွာ ပရဟိတပညာဒါန ဘုန်းတော်ကြီးစာသင်ကျောင်းဝင်းရှိ “ပညာဗိုလ်” စာကြည့်တိုက်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပရဟိတပညာဒါန ဘုန်းတော်ကြီးစာသင်ကျောင်း ပဓာနနာယကဆရာတော် အရှင်သုမင်္ဂလတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ပြီး ဝေါမြို့နယ်၊ အဗျားဗိုလ်တဲကျေးရွာ၊ ပရဟိတ ပညာဒါန ဘုန်းတော်ကြီးစာသင်ကျောင်း ပဓာနနာယကဆရာတော် အရှင်သုမင်္ဂလမှ ပညာဒါန အစီအစဉ်များအား မိန့်ကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က စာကြည့်တိုက်ဖွင့်လှစ်ရခြင်းသည် စာကြည့်ခန်း၊ စာကြည့်တိုက်တွေ ပုံမှန်အသုံးပြုတက်တဲ့ အကျင့်ကောင်းများ ရရှိစေရန်၊ သုတ၊ ရသ၊ ဒဿနတွေ တိုးပွား ခံစား တွေးခေါ် သိမြင် ကြွယ်ဝစေရန်၊ လူမှု့စီးပွားရေး၊ ရပ်ရေးရွာရေး၊ ဘာသာရေး အသိအမြင် ဖလှယ်နိုင်စေရန်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများ ထိန်းသိမ်းထားရှိတတ်စေရန်၊ သက်မွေးပညာဆိုင်ရာ ခေတ်ပေါ်နည်းပညာတွေ အချိန်မီ ရရှိစေရန်နှင့် မိမိတို့ အားလပ်ချိန်ကို စာဖတ်ခြင်းဖြင့် အကျိုးရှိရှိ အသုံးပြု အပန်းဖြေတက်နိုင်စေရန်နှင့် နောင်တစ်ချိန်မှာ နိုင်ငံအတွက် အားကိုးအားထားရတဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်လာစေရန်  ကြိုးစားကြပါဟု” ပြောကြား ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မြင့်မြင့်သန်းမှ အမှာစကားပြောကြားရာတွင် ” ဒီကနေ့ ရထားတယ့် ကောင်းတဲ့အခွင့်အရေးပေါ်မှာ ပညာတက်အောင် ကြိုးစားပြီး၊ မိမိဒေသကို မိမိကဲ့သို့ အကျိုးပြုနိုင်သော ကျောင်းသား/ ကျောင်သူများဖြစ်အောင်၊ စိတ်ဓာတ်၊စည်းကမ်းမြင့်မားစွာဖြင့် ပညာရေးကို တိုးတက်အောင် ကြိုးစားကြရန်” မှာကြားခဲ့သည်။

အဆိုပါ ဝေါမြို့နယ်၊ အဗျားဗိုလ်တဲကျေးရွာ၊ ပရဟိတ ပညာဒါန ဘုန်းတော်ကြီးစာသင်ကျောင်း၌ ကျောင်းသား/ကျောင်သူ စုစုပေါင်း(၁၆၂၀)ဦး စာသင်ကြားလျက်ရှိပြီး၊ စာကြည့်တိုက်၌ သုသ၊ရသ၊ဘာသာရေး စာအုပ်ပေါင်း (၅၀၀)ကျော် ထည့်သွင်းထားရှိသည်။