Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / စီမံကိန်းကော်မရှင်၊ ပဲခူးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး(၂/၂၀၁၇) ကျင်းပပြုလုပ်

စီမံကိန်းကော်မရှင်၊ ပဲခူးတိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး(၂/၂၀၁၇) ကျင်းပပြုလုပ်

အောက်တိုဘာ (၁၁) ပဲခူး

==========================================

အောက်တိုဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ စီမံကိန်းကော်မရှင်၊ ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေးကော်မတီ အစည်းအဝေး(၂/၂၀၁၇)ကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်က စီမံကိန်း ကော်မရှင်သည် ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ကိုမထိခိုက်စေဘဲ လူမှုစီးပွား အမှန် တကယ် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းစီမံကိန်းများကို စိစစ်အတည်ပြုပေးနိုင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ရခြင်းကြောင်း၊ စီမံကိန်းကော်မရှင်အနေဖြင့် တိုင်းဒေသကြီးဒေသန္တရစီမံကိန်းများကို နိုင်ငံတော်၏ မူနှင့်ကိုက်ညီခြင်း ရှိ/မရှိ စိစစ်အတည်ပြုခြင်း၊ နှစ်စဉ် ကာလလတ်နှင့် ကာလရှည် ဒေသန္တရစီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကို စိစစ် အတည်ပြုခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများအပေါ် နိုင်ငံတော်မူနှင့် ဆန့်ကျင်မှုမရှိသည့် သဘောထား မှတ်ချက်ပြန်ကြားပေးခြင်း၊ တိုင်းဒေသကြီး လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူမပြုသည့် လုပ်ငန်းစီးမံကိန်းများကို ငြင်းပယ်ခြင်း၊ နိုင်ငံတော်၏ သယံဇာတအရင်းအမြစ်များကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ အကျိုးရှိစွာ အသုံးချ နိုင်မည့် တိုင်းဒေသကြီးလူမှုဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲခြင်းနှင့် လုပ်ငန်းစီမံကိန်းများအတွက် လိုအပ်သည့် အရင်းအနှီးပမာဏရယူမည့် ဇစ်မြစ်ကိုလမ်းညွှန်မှုပြုခြင်း၊ တိုင်းဒေသကြီးဆောင်ရွက် မည့် လုပ်ငန်းစီမံကိန်းများကို အမျိုးသားစီမံကိန်းကော်မရှင်သို့တင်ပြ၍ လမ်းညွှန်မှုတောင်းခံခြင်း၊ သဘောတူညီပြီးသည့် တိုင်းဒေသကြီး လုပ်ငန်းစီမံကိန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဆင့် လွှတ်တော်သို့ တင်ပြခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီး ညွန့်ရွှေက ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ် ပထမ(၅)လအတွင်း သာမန်အသုံစရိတ်နှင့် ငွေလုံးငွေရင် အသုံးစရိတ်များ သုံးစွဲမှုနည်းပါးနေခြင်းနှင့်ပတ်သက်၍ ဘတ်ဂျက်ကာလအတွင်း လုပ်ငန်းစီမံကိန်း များ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်ပြောကြားခဲ့ပြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် ပြည်သူအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ ရေးဆွဲရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဦးစားပေး စီမံကိန်းများ လျာထားရာတွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးလက်၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ(အသေးစား၊ အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး)၊ အထူးစီးပွားရေးဇုန်များ ပေါ်ထွန်းလာရေး၊ ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေ၊ သစ်တော၊ ရေသယံဇာတနှင့် အခြားသဘာဝသယံဇာတများ စီမံ ခန့်ခွဲမှု၊ ဒေသတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်မြင့်မားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွန် အကောက်စနစ်တကျ မှန်ကန်စွာ ကောက်ခံရရှိရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ စီမံကိန်းရေးဆွဲရာတွင် ဒေသခံပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ် များစသည့် ပါဝင်သင့်ပါဝင်ထိုက်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်လှိုင်က ခရိုင်/ မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်(ပြည်ထောင်စုဘတ်ဂျက်) အခြေအနေ၊ ခရိုင်/မြို့နယ် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက် (တိုင်းဒေသကြီးဘတ်ဂျက်) အခြေအနေ၊ တိုင်းဒေသကြီးဌာနများမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက် အခြေအနေ၊ တိုင်းဒေသကြီးဌာနများမှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ် ဦးစားပေး အလိုက် အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်(တိုင်းဒေသကြီးဘတ်ဂျက်) အခြေအနေ၊ တိုင်းဒေသကြီးဌာနများမှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ်စီမံကိန်းလျာထားချက် ဘဏ္ဍာရေးကော်မရှင် အတည်ပြုနှင့် ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ် ပထမဦးစားပေး အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်(တိုင်းဒေသကြီးဘတ်ဂျက်) အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်းရာ တိုင်းဒေသကြီးအဆင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။