Home / ကဝမြို့နယ် / စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပါဝင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပါဝင်ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်မှာကြား

သြဂုတ် ၁၆ (ပဲခူး)

================================================

သြဂုတ်လ(၁၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံတိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ UNDP မှ Ms. Anki Dellnas ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေဆုံခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်အဆင့် စီမံကိန်းရေးဆွဲခြင်းသည် ဒီမိုကရေစီအစနစ်အရ အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် ကဝမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကဝမြို့နယ်အပါအဝင် နောက်ထပ်(၄)မြို့နယ်အား ထပ်မံ၍ လုပ်ငန်းစီမံကိန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်မှ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက် ခွဲဝေသုံးစွဲခြင်းများကို သက်ဆိုင်ရာမြို့နယ်အဆင့်၌ ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် လူထု လိုအပ်ချက်အရ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တတ်စေရန် စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ UNDP ၏ စီမံကိန်းများသည် ပြည်သူလူထုကို အခြေပြုသည့် စီမံကိန်းများဖြစ်၍ ဌာနဆိုင်ရာနှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အပြန်အလှန် ယုံကြည်ခြင်း၊ လေးစားခြင်းနှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် Ms. Anki Dellnas က ဗဟိုချုပ်ကိုင်မှု လျော့ချပြီး အောက်ခြေအဆင့်တွင် လိုအပ်သော စီမံကိန်းများ ဆောင်ရွက်တတ်စေရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကဝမြို့နယ်၌ စတင် ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကဝမြို့နယ်အပါအဝင် သနပ်ပင်၊ ပေါက်ခေါင်း၊ မိုးညို၊ ရေတာရှည် စသည့် မြို့နယ်(၅)မြို့နယ်တွင် စီမံကိန်းများ ထပ်မံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူဦးရေအတွက် (၇၀%)၊ ဧရိယာအတွက်(၁၅%)နှင့် ပုံသေသတ်မှတ်နှုန်းထား(၁၅%) စသည့် သတ်မှတ်ချက်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဗဟိုအဆင့်မှ ဆောင်ရွက်နေသည့် စီမံကိန်း ရေးဆွဲခြင်း၊ ဘတ်ဂျက်သုံးစွဲခြင်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းများကို မြို့နယ်အဆင့်၌ ပြည်သူနှင့်ပူးပေါင်းပြီး ဆောင်ရွက်တတ်စေရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်းနှင့် ဒီမိုကရေစီနည်းကျသော အုပ်ချုပ်ရေးလုပ်ငန်းစဉ်နှင့် ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်စီမံကိန်းရေးဆွဲနိုင်ရန်၊ ပြည်သူ တို့၏ လိုအပ်ချက်ကို တုံ့ပြန်မှုပေးနိုင်သော စီမံကိန်းတစ်ရပ် ဖော်ထုတ်ပေးရန်တို့ဖြစ်ကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

UNDP ၏ ပြည်သူပူးပေါင်းပါဝင်သော မြို့နယ်အဆင့် စီမံကိန်းများအား ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာ နှစ်တွင် သနပ်ပင်မြို့နယ်အတွက် အမေရိကန်ဒေါ်လာ(၁၄၅၅၂၂)ဒေါ်လာ၊ ကဝမြို့နယ်အတွက် အမေရိကန်ဒေါ်လာ(၁၈၇၄၀၃)ဒေါ်လာ၊ ရေတာရှည်မြို့နယ်အတွက် အမေရိကန်ဒေါ်လာ (၂၂၆၂၈၈) ဒေါ်လာ၊ ပေါက်ခေါင်းမြို့နယ်အတွက် အမေရိကန်ဒေါ်လာ(၁၅၀၅၁၈)ဒေါ်လာနှင့် မိုးညိုမြို့နယ်အတွက် အမေရိကန်ဒေါ်လာ(၁၂၈၅၈၃)ဒေါ်လာတို့အား ထပ်မံဖြည့်တင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး၊ (၁၆-၈-၂၀၁၇)ရက်နေ့တွင် တိုင်းအဆင့်ဌာနဆိုင်ရာများအတွက် ဝယ်ယူရေးသင်တန်း(Procurement Training)ပို့ချမည်ဖြစ်ပြီး၊ (၁၇-၈-၂၀၁၇)ရက်နေ့မှ (၁၈-၈-၂၀၁၇) ရက်နေ့အထိ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဥဿာကျော်စားသောက်ဆိုင်၌ (Procurement Training)ပို့ချမည်ဖြစ်သည်။

အစည်းအဝေးသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး သက်ဆိုင်ရာ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။