Home / ပဲခူးမြို့နယ် / ဆန်အခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

ဆန်အခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် တက်ရောက်

အောက်တိုဘာ (၁၀) ပဲခူး

==========================================

အောက်တိုဘာလ (၁၀)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ဆန်အခြေခံ ကိတ်မုန့်၊ ကွတ်ကီးမုန့်များ လက်တွေ့သရုပ်ပြနှင့် တန်ဖိုးမြင့်စားသောက်ကုန် ဖွံ့ဖြိုးရေးဆိုင်ရာ နှီးနှောဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၌ စပါးအထွက်နှုန်းကောင်းတဲ့ စပါးကျီတစ်ခုဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်အဖစ် ပြောင်းလဲတဲ့ လုပ်ငန်းမှာ ဆန်ကို တန်ဖိုးမြှင့် စားသောက်ကုန်မုန့်တွေ ဘယ်လိုထုတ်လုပ်တယ်ဆိုတာ ယနေ့ အခမ်းအနားမှာ သိရှိလေ့လာရတော့မှာဖြစ်ကြောင်း၊ အဟာရပြည့်ဝပြီး အရည်အသွေးကောင်းသည့် စားသောက်ကုန်တွေ အပြိုင်အဆိုင်ထုတ်ပြီး နေရာယူကြရာမှာ ယခုအခါ Gluten Free အဖြစ် သတ်မှတ်ပြီး ထုတ်လုပ်တဲ့ စားသောက်ကုန်တွေဟာ အုပ်စုတစ်ခုအနေနဲ့ ရှေ့တန်းမှာနေရာယူနေကြ ပြီးဖြစ်ကြောင်း၊ ဆန်ကနေ အဆင့်မြင့်စားသောက်ကုန်အဖြစ် ကိတ်မုန့်နှင့် ကွတ်ကီးမုန့်များအဖြစ် Komeko အဖွဲ့အစည်းက နည်းပညာဖြင့် ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း၊ နည်းပညာရှိပြီး မသုံးတတ်ရင် အကျိုးကျေးဇူး ခံစားရမှာမဟုတ်ပါကြောင်း၊ ယခုအချိန်တော့ နည်းပညာကို သိလည်းသိ လက်တွေ့လည်းအသုံးနိုင်မည်ဖြစ်၍ ပြည်သူများ အကျိုးကျေးဇူး ခံစားရတော့မှာဖြစ် ကြောင်း၊ ဆန်အခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာကို စိတ်အား ထက်သန်စွာ ပြသဖြန့်ဝေပေးသော Ms. Yu Ki Ko အား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ယခု နည်းပညာအား လူမှုရေးအဖွဲ့အစည်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ စေတနာရှင် များက လက်ဆင့်ကမ်းဆောင်ကြဉ်းပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရှမ်းမောမြေ ကုမ္ပဏီလီမိတက်၊ မန်နေးဂျင်းဒါရိုက်တာ  ဦးဉာဏ်လင်းမှ မြန်မာနိုင်ငံ၏ အဓိကထွက်ကုန် ဆန်မှ အဟာရပြည့်ဝသည့် စားသောက်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ကျင်းပ ရခြင်းကိုလည်းကောင်း၊ ဂျန်ပန်နိုင်ငံမှ Ms. Yu Ki Ko မှ မြန်မာနိုင်ငံတွင် ကုန်ကြမ်း ထုတ်လုပ်မှုအဆင့်၌သာ ရပ်တည်မနေဘဲ ကုန်ချောထုတ်လုပ် ရောင်းချခြင်း၊ စားသောက်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆန်အခြေခံ တန်ဖိုးမြင့်စားသောက်ကုန် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းပညာ အကြောင်းနှင့် ဆန်မှုန့်ဖြင့် ကိတ်မုန့်၊ ကွတ်ကီးမုန့်တို့အား လက်တွေ့သရုပ်ပြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက Ms. Yu Ki Ko ပြုလုပ်ထားသည့် ဆန်မှုန့်ဖြင့် ပြုလုပ်ထားသည့် ကိတ်မုန့်နှင့် ကွတ်ကီးမုန့်တို့အား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။