Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင် ၄ (ပဲခူး)
================================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ တိုင်းဒေသကြီးအတွင်းမှ ၂၀၁၇-၂၀၁၈ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် “ပညာရေးဌာန တာဝန်ရှိသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတစ်ခုထဲ အောင်ချက်ကောင်းရုံတင်မဟုတ်ဘဲ အခြေခံပညာ မူလတန်း၊ အလယ်တန်းဆင့်တွေမှာ တာဝန်ယူထားကြသည့် ဆရာ/မများနှင့် သင်ယူနေကြတဲ့ ကျောင်းသား/သူတွေကိုလည်း ကြပ်မတ်လမ်းညွှန်ပေးသင့်ကြောင်း၊ အခြေခံကောင်းမှ အသီးအပွင့်ကောင်းရမှာဖြစ်သည့်အတွက် မိမိသင်ကြားရတဲ့ အတန်း၊ဘာသာရပ်တွေကို သင်ရိုးကုန်စင်အောင် သင်ခန်းစာကြေညက်အောင် အတန်းအဆင့်နှင့်အညီ အခြေခံအသိများပါရှိသွားအောင် အဆင့်ဆင့်သင်ကြားပေးလိုက်ဖို့ကလည်း အရေးကြီးကြောင်း ဆရာ/မများ၏ သင်ကြားမှုစွမ်းရည်၊ ဘာသာရပ်ကျွမ်းကျင်ပိုင်နိုင်မှု၊ ကျောင်းသား/သူများအပေါ် စေတနာထား လေ့ကျင့်သင်ကြားပေးမှုများကလည်း အလွန်လိုအပ်ကြောင်း၊ မိမိတို့၏ တိုင်း/ခရိုင်/မြို့နယ်တွင်းရှိ ကျောင်းများ အောင်မြင်မှုရရှိအောင် အောက်ခြေအထိဆင်းပြီး စနစ်တကျ ကြပ်မတ်ကွပ်ကဲလမ်းညွှန်ပေးရန်၊ ကျောင်းသား/သူများကလည်း ကိုယ်ရောက်နေတဲ့ နေရာမှာတင် ကျေနပ်မနေဘဲ တက်ရောက်မည့် တက္ကသိုလ်/ကောလိပ်တွေမှာ ဆက်လက်ကြိုးစားသွားကြရန်၊ စာပေထူးချွန်ထက်မြက်သလို လောကနီတိများသိရှိပြီး အကျင့်စာရိတ္တပြည့်ဝတဲ့ စည်းကမ်းကောင်းမွန်တဲ့သူတွေ နိုင်ငံအကျိုး ပြည်သူ့အကျိုးကို စွမ်းအားရှိသရွေ့ ဆောင်ရွက်နိုင်သူတွေ နိုင်ငံတော်ကအားထားရတဲ့ မိမိတိုင်းဒေသကြီးနှင့် မြို့နယ်ရဲ့ဂုဏ်ကိုဆောင်နိုင်တဲ့ သားကောင်း သမီးမွန်များဖြစ်အောင် ကြိုးစားကြဖို့ မှာလိုကြောင်း၊ မိဘများကလည်း မိမိတို့၏ဆန္ဒကို ရှေ့တန်းမတင်ဘဲ သားသမီးများ၏ ဝါသနာပါရာအရ ဖြစ်သင့်သော တက္ကသိုလ်/ကောလိပ်ကို လမ်းညွှန်တည့်မတ်ပေးရန်လိုကြောင်း”ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဆရာမကြီး ဒေါ်မေသက်နွယ်က ပညာရည်ချွန်ဆု ပေးအပ်ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက (၆)ဘာသာဂုဏ်ထူးရှင်များနှင့် (၅)ဘာသာဂုဏ်ထူးရှင်များ၊ (၄)ဘာသာဂုဏ်ထူးရှင်များ၊ တိုင်းဒေသကြီးအဆင့် ဘာသာတွဲအလိုက်အမှတ်အများဆုံရရှိသူများ၊ တိုင်းဒေသကြီးအဆင့် အမှတ်အများဆုံးရရှိသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် မြို့နယ်များ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဘာသာရပ်ဆရာ/ ဆရာမများအား ဂုဏ်ပြုဆုများနှင့် ပညာရည်ချွန်ဆုများ အသီးသီးပေးအပ်ကြသည်။
ယင်းနောက် ဆုရကျောင်းသား/ ကျောင်းသူများကိုယ်စား ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ (၆)ဘာသာဂုဏ်ထူးရှင် မမြမိုးပွင့်က ကျေးဇူးတင်ဂါရဝစကား ပြန်လည်ပြောကြားကာ ကျောင်းသား/ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းသီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသကြီး၌ အထက်တန်းကျောင်း(၂၁၁)ကျောင်း၊ အထက်တန်းခွဲကျောင်း(၁၉၄)ကျောင်း၊ စုစုပေါင်း အထက်တန်းဆင့်သင်ကျောင်း(၄၀၅)ကျောင်းဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တိုင်းဒေသကြီးအတွင်းမှ (၆၉၃၉၃)ဦးဖြေဆိုရာ (၂၁၃၀၄)ဦး အောင်မြင်ပြီး (၆)ဘာသာ(၅)ဦး၊ (၅)ဘာသာ(၃၂)ဦး၊ (၄)ဘာသာ(၁၈၂)ဦး၊ (၃)ဘာသာ(၃၁၈)ဦး၊ (၂)ဘာသာ(၉၁၇)ဦး၊ (၁)ဘာသာ(၅၆၁၃)ဦး ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသည့်အပြင် မြန်မာစာဂုဏ်ထူး(၆၄)ဦး၊ အင်္ဂလိပ်စာဂုဏ်ထူး(၃၂)ဦး၊ သချင်္ာဂုဏ်ထူး(၇၄၄)ဦး၊ ဓာတုဗေဒဂုဏ်ထူး(၁၁၅၇)ဦး၊ ရူပဗေဒဂုဏ်ထူး(၄၁၉)ဦး၊ ဇီဝဗေဒဂုဏ်ထူး(၁၇၉၆)ဦး၊ သမိုင်းဂုဏ်ထူး(၇)ဦး၊ ပထဝီဂုဏ်ထူး(၄၈၈)ဦး၊ ဘောဂဗေဒဂုဏ်ထူး(၄၆၁၅)ရရှိကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့်(၃၀.၇၀)ရာခိုင်နှုန်း ရရှိအောင်မြင်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆုရကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။