Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / တိုင်းပြည်တစ်ခု၏ ဂုဏ်တန်ဖိုးသည် မှတ်တမ်းမော်ကွန်းများပင်ဖြစ်ကြောင်း လာရောက်ရှင်းလင်း

တိုင်းပြည်တစ်ခု၏ ဂုဏ်တန်ဖိုးသည် မှတ်တမ်းမော်ကွန်းများပင်ဖြစ်ကြောင်း လာရောက်ရှင်းလင်း

မေ ၁၅ (ပဲခူး)

==============

          မေလ (၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ မှတ်တမ်းမော်ကွန်း ဆိုင်ရာများနှင့်ပတ်သက်၍ လာရောက်ရှင်းလင်းပွဲ ပြုလုပ်သည်။

          ရှေးဦးစွာ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ (ရန်ကုန်ရုံးခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာမြင့်က နိုင်ငံတော်အနေဖြင့် မှတ်တမ်းမော်ကွန်းတိုက်၏ မျှော်မှန်းချက်၊ ဆောင်ရွက်သည့် လုပ်ငန်းတာဝန်များ၊ မူဝါဒ၊ ရည်မှန်းချက်၊ မှတ်တမ်းအဓိပ္ပါယ်၊ မော်ကွန်းအဓိပ္ပါယ်၊ မော်ကွန်းအဖြစ်သတ်မှတ်သည့်”စံ”(၁၁)ချက်၊ နောက်ခံသမိုင်း၊ သိမ်းဆည်း ထားသည့် မော်ကွန်းစာအုပ်စုများ၊ စာရင်းများ၊ မော်ကွန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား Power Pint ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်သည် နိုင်ငံတစ်ခု၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်တို့ ရေးသားဖော်ပြရာတွင် ခိုင်မာသော အထောက်အထား အချက်အလက်များ ရှာဖွေရန်အတွက် သုတေသီများ အားကိုးအားထားပြုနေရသော ဌာနတစ်ခုဖြစ်ပါကြောင်း၊ ဒီနေ့လုပ်ဆောင်ချက်သည် မနက်ဖြန် အတွက် သမိုင်းမှတ်တမ်းတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ မှတ်တမ်းတိုင်းသည် မော်ကွန်းမဖြစ် နိုင်ပေမယ့် မော်ကွန်းတိုင်းသည် မှတ်တမ်းမှ ဖြစ်လာရကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ရုံးစာ အမှုတွဲများအား သတ်မှတ်ထားသည့် နှစ်ကာလပြည့်လျှင် မှတ်တမ်းမော်ကွန်းတိုက်သို့ ပို့ဆောင် ထိန်းသိမ်းထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ခေတ်အဆက်ဆက် မှတ်တမ်းမှတ်ရာထိန်းသိမ်း ထားရှိရန်အားနည်းမှုများကြောင့် ပြန်လည်ကိုးကားရမည့် အချက်အလက်များ ရှာဖွေရာတွင် များစွာအခက်အခဲများရှိကြောင်း၊ ယခုလို အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ပြုစုထိန်းသိမ်းပေးထားခြင်းအားဖြင့် နိုင်ငံနှင့်လူမျိုးအတွက် များစွာအထောက်အကူပြုရာရောက်ကြောင်း ပြောကြားခဲ့သည်။

          အဆိုပါ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ပြုစုထိန်းသိမ်းပေး ထားသော မော်ကွန်းစာတွဲများမှာ စစ်သူကြီးမဟာဗန္ဓုလ၏ ပေစာ(၁၈၂၄)ခုနှစ်၊ အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီစာချုပ်၊ ဗမာနိုင်ငံ၏ လွတ်လပ်ရေးကြေညာစာတမ်း (၁-၈-၁၉၄၃)၊ သခင်ဖိုးလှကြီးမှ ရေနံချောင်းစာရေးများသို့ပေးစာ အစသည့် ထိန်းသိမ်းထားရှိသော စာတွဲများ (၁၄၃၉၆၈)တွဲ၊ စာချုပ်များ (၂၈၂၇)ခု၊ ပုံနှိပ်မော်ကွန်း (၅၂၁၇၅)အုပ်၊ သတင်းစာ (၂၃၈၉)အုပ်၊ ပေစာ (၅၂၀၅)ချပ်၊ ပုရပိုက် (၂၅)ဆူ၊ ရှမ်းစာလိပ်(၃၄)လိပ်၊ မိုက်ကရိုဖလင် (၄၂၈၇)လိပ်၊ မိုက်ကရိုဖစ်ချ်(၁၂၀၉၈)ချပ်၊ Disk (၅၆)ချပ်၊ ရုပ်ရှင်ဖင် (၁၁)ခွေ၊ ဆလိုက်ဖလင် (၁၀၅)ခွေ၊ ဓါတ်ပြား (၁၂)ချပ်၊ ဓါတ်ပုံAlbum (၂၀၉)အုပ်၊ Cassette Tape (၅၁၆၆)ခွေ၊ Video Tape (၁၈၆)ခွေ၊ CD/DVD (၃၅၂၆)ချပ်၊ အသံသွင်းတိပ်ခွေ (၂၇၄)ခွေတို့အား နေပြည်တော်ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့တွင် ပြုစုထိန်းသိမ်းထားရှိကြောင်း သိရှိရသည်။

          အဆိုပါရှင်းလင်းပွဲသို့ ဥပဒေချုပ်၊ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေး မှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။