Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန / တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုနွေရာသီ မွန်းမံသင်တန်းများဖွင့်လှစ်ရန် ထောက်ပံ့ငွေများပေးအပ်

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုနွေရာသီ မွန်းမံသင်တန်းများဖွင့်လှစ်ရန် ထောက်ပံ့ငွေများပေးအပ်

မတ် ၁၂ (ပဲခူး)
===================================

မတ်လ(၁၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ မွန်စံပြအလယ်တန်းကျောင်းခွဲတွင် တိုင်းရင်းသားမွန်စာပေနှင့် ယဉ်ကျေးမှုနွေရာသီ မွန်းမံသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးက အဖွင့်အမှာစကားပြောပြီး တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ တာဝန်ရှိသူများက မြို့နယ်အလိုက် တိုင်းရင်းသားစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးမှ ပဲခူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့အတွက် နွေရာသီမွန်စာပေသင်ကြားရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း(၂၀)အား ပေးအပ်သည်။
ယင်းနောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့သို့ သွားရောက်ပြီး ရှမ်းတိုင်းရင်းသားစာပေ (၁၀)မြို့နယ်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေ (၅)မြို့နယ် နွေရာသီမွန်းမံသင်တန်း ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း(၁၅၀)အား ကော်မတီတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေကျင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ ထန်းတပင်၊ တောင်ငူ၊ ဖြူး၊ အုတ်ဖို၊ မင်းလှ၊ သာယာဝတီ၊ လက်ပံတန်း စသည့်(၁၀)မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများနေထိုင်ပြီး ကျောက်တံခါး၊ ထန်းတပင်၊ ဒိုက်ဦး၊ ပဲခူး၊ ရေတာရှည် စသည့်(၅)မြို့နယ်တွင် ပအိုဝ့်တိုင်းရင်းသားများ ရောနှောနေထိုင်လျှက်ရှိသည်။ မွန်တိုင်းရင်းသားများအနေဖြင့် ပဲခူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်(၂)ခုတွင် နေထိုင်သည်။ ကရင်တိုင်းရင်းသားများအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၆)မြို့နယ်တွင် စုပေါင်းရောနှော နေထိုင်လျှက်ရှိခြင်းကြောင့် တိုင်းရင်းသားစာပေ နွေရာသီမွန်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။