Home / တိုင်းရင်းသားလူမျိုးများရေးရာ ဦးစီးဌာန / တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး ပန္နက်တော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး ပန္နက်တော်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

အောက်တိုဘာ ၁၄ (ပဲခူး)
====================================

ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၅)ရပ်ကွက်၊ ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာလမ်းထောင့်ရှိ ရုံးအဆောက်အဦမြေနေရာ၌ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနများဖြစ်သော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့၏ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအယ်လ်တူးမိန်းဂေါင်က ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် အင်ဂျင်နီယာချုပ်(အဆောက်အဦဦးစီးဌာန) ဦးသန်းနိုင်အောင်တို့က သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တင်ပေးကြကာ မင်္ဂလာပန်းစည်းများ ချည်နှောင်ပြီး ရွှေမိုးငွေမိုးရွာသွန်းဖြိုးပေးခဲ့ကြသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေခြင်း၊ တိုင်းရင်းသားများ၏ လူမှုဘဝမြင့်မားတိုးတက်စေရန် မျှော်မှန်းချက်ထားရှိခြင်းနှင့်အညီ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးအဆင့် ရုံးများကိုဖွဲ့စည်းထားရှိကြောင်း သိရသည်။
ယခုတည်ဆောက်မည့် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသည် (၆၀×၈၀)ပေအကျယ် သံကူကွန်ကရစ် နှစ်ထပ်(RC) အဆောက်အဦအဖြစ် ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရံပုံငွေကျပ်သန်း (၂၅၀.၅)သန်းဖြင့် ဆောက်လုပ်ရန် လျာထားပြီး ယခုငွေကျပ်(၁၇၅.၁၀၄)သန်း ရရှိထားရာ လာမည့်လွှတ်တော်တွင် ငွေကျပ်(၇၅.၃၇၆)သန်း ထပ်မံတင်ပြတောင်းခံသွားမည်ဖြစ်သည်။ အဆိုပါအဆောက်အဦအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ အဆောက်အဦးအထူးအဖွဲ့(၃)က တာဝန်ယူဆောက်လုပ်သွားမည် ဖြစ်သည်။
အဆိုပါပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။