Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / စည်ပင်သာယာရေးအဖွဲ့ / တောင်ငူမြို့၊ ထီးလှိုင်တံတား တည်ဆောက်နေမှုနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

တောင်ငူမြို့၊ ထီးလှိုင်တံတား တည်ဆောက်နေမှုနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

မတ် ၁၄ (ပဲခူး)
==================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ(၁၄)ရက်နေ့ နံနက်(၈)နာရီအချိန်က တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး ကော်မတီဝင်များနှင့်အတူ တောင်ငူမြို့၊ ကျုံးမြောက်ဘက်ရှိ ထီးလှိုင်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ထီးလှိုင်တံတားသည် ယခင်က သစ်သားတံတားဖြစ်ပြီး နှစ်ကာလကြာမြင့်သဖြင့် ဟောင်းနွမ်းဆွေးမြေ့ ပျက်စီးလာသောကြောင့် ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၃၀၀)၊ အများပြည်သူ ထည့်ဝင်လှူဒါန်းငွေ ကျပ်(၃၄၁)သိန်း၊ စုစုပေါင်း(၆၄၁)သိန်းဖြင့် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အရှည်(၂၀)ပေ၊ အကျယ်(၁၄)ပေ ဘိုးပိုင်ဖောင်ဒေးရှင်း ကွန်ကရစ်တံတားအဖြစ် ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်(၁၄၇)မှ တောင်ငူမြို့တွင်းသို့ အနီးဆုံးလမ်းအဖြစ် လာရောက်နိုင်မည်ဖြစ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ် အထက-နတ်စင်ကုန်း စာစစ်ဌာနနှင့် ရေတာရှည်မြို့ အထက-ရေတာရှည်၊ အထက(ခွဲ) ရွှေကြက်ယက် စာစစ်ဌာနတို့တွင် ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေးကြသည်။
အထက-နတ်စင်ကုန်း စာစစ်ဌာနတွင် အဆောင်(၆)ဆောင်၊ စာဖြေခန်း(၃၄)ခန်း၊ စာဖြေသူ(၈၄၁)ဦးရှိပြီး အထက-ရေတာရှည် စာစစ်ဌာနတွင် အဆောင်(၄)ဆောင်၊ စာဖြေခန်း(၃၂)ခန်း၊ စာဖြေသူ(၈၈၈)ဦး၊ အထက(ခွဲ) ရွှေကြက်ယက်တွင် စာဖြေခန်း(၁၀)ခန်း၊ ဖြေဆိုသူ(၂၈၈)ဦးရှိကြောင်း သတင်းရရှိသည်။