“တောင်သူဆန္ဒ” စိုက်ပျိုးနည်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

ဇူလိုင် ၂
============================

ဇူလှိုင်လ(၂)ရက်နေ့၊ နံက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ၊ ကွင်းအမှတ်(၁၂၅၀)၊ တောင်သူဦးပြုံးချို၏ လယ်ကွင်း၌ “တောင်သူဆန္ဒ” စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ပဲခူးတိုင်းဒေသကြီး လူဦးရေစုစုပေါင်း၏ (၇၈)ရာခိုင်နှုန်းသည် ဘဝရပ်တည်မှုအတွက် လယ်ယာလုပ်ငန်းအပေါ် မှီခိုရပ်တည်နေကြသူများဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲမှုလျော့နည်းအောင် ဆောင်ရွက်ရာ၌ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းနှင့် စတင်ရမှာ ဖြစ်ကြောင်း၊ လယ်သမားများအတွက် အကျိုးအမြတ်ရှိသော သီးနှံစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများတွင် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချကာ နည်းပညာကို အခြေခံသည့် ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို မလွဲမသွေ ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်မှ တောင်သူဆန္ဒ စိုက်ပျိုးနည်းသရုပ်ပြပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်မှ စိုက်နည်းစနစ်များနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းအောင်မှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ လယ်ယာသုံးစက်ကိရိယာ ဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးက လယ်ယာသုံးစက်ကိရိယာများ အသုံးပြုခြင်းနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာကြသော တောင်သူများမှ သိလိုသည်များ ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ ကွင်းအမှတ်(၁၂၅၀)၊ တောင်သူဦးပြုံးချို၏ လယ်ကွင်းအတွင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်း၊ BMP စနစ်ဖြင့် စိုက်ပျိုးနည်း၊ SRI စနစ်ဖြင့် စိုက်ပျိုးနည်း၊ မျိုးစေ့ချကိရိယာဖြင့် အစေ့ချစိုက်ပျိုးနည်းများဖြင့် နှိုင်းယှဉ်စိုက်ပျိုးပြသနေမှုအား ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် တောင်သူများမှ ကြည့်ရှုအားပေး လေ့လာကြသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း ထွန်ယက်ရေးနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများကို စက်ကိရိယာဖြင့် တွင်ကျယ်စွာ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း စပါးစိုက်ပျိုးခြင်းလုပ်ငန်းတွင် စက်ကိရိယာအသုံးပြုမှု အားနည်းနေသဖြင့် တောင်သူများ မိမိဆန္ဒအလျှောက် စိုက်ပျိုးနည်းစနစ်ကို ရွေးချယ်စိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ တောင်သူဆန္ဒ စိုက်ပျိုးနည်း သရုပ်ပြပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးဦးအောင်ဇော်နိုင်မှ ပြောကြားသည်။
အဆိုပါ သရုပ်ပြပွဲသို့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့မှ တောင်သူ(၂၀၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။