တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မေ ၂၈ (ပဲခူး)

===============================

မေလ(၂၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း စုပေါင်းလယ်ယာ (Collected Farm)များတွင် မျိုးစေ့ဘဏ်ထူထောင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တောင်သူများအား စပါးမျိုးသန့်မျိုးပွားမျိုးစေ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး ဆန်စပါးကို အဓိကစားသုံးသည့်နိုင်ငံဖြစ်ကြောင်း၊ မျိုးစေ့ဘဏ်တွင် ပါဝင်မျိုးစေ့ထုတ်လုပ်မည့် တောင်သူလယ်သမားများအနေဖြင့် မိမိတို့ဘဏ်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပေးခြင်းဖြင့် အချိန်တိုတိုအတွင်းမှာ ပဲခူးတိုင်းဒေသကြီး၏ စပါးစိုက်ဧရိယာအားလုံး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်သည့် နယ်မြေကြီးဖြစ်သွားမှာဖြစ်ကြောင်း၊ အဲဒီအခါမှာ အရည်အသွေးကောင်းမွန်သည့် ဆန်များရရှိလာပြီး စျေးကောင်းရရှိလာမှာဖြစ်သောကြောင့် တောင်သူအားလုံး ဝင်ငွေတိုးတက်လာမှာဖြစ်ကြောင်း၊ ဘဏ်ကော်မတီကို စနစ်တကျဖွဲ့စည်းပြီး ပညာရှင်များ ညွှန်ကြားပြသသည့် မျိုးစေ့ထုတ်နည်းပညာများအတိုင်း စနစ်တကျ ကျင့်သုံးဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က စုပေါင်းလယ်ယာ ထူထောင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က မျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ဘဏ်ထူထောင်ခြင်း ဆိုင်ရာများကိုလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးဆန်းအောင်က အဆင့်မြင့်လယ်ယာဖော်ထုတ်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းအကြောင်းများကို အသီးသီးရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် ဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့က တောင်ငူ၊ ပဲခူး၊ ပြည်၊ သာယာဝတီခရိုင် ကိုယ်စားပြုတောင်သူလယ်သမားများထံ မျိုးစေ့များပေးအပ်ကြပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

စပါးသီးနှံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် အသုံးပြုခြင်းအားဖြင့် မျိုး၏ကောင်းမွန်သော မူလဗီဇအရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်း ကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်ခြင်း၊ မြေသြဇာအစိုဓာတ် အလင်းရောင်စသည်တို့ကို ပိုမိုအသုံးပြုနိုင်ခြင်း၊ အပင်အောင်မြင်ဖြစ်ထွန်းခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ်ကို ပိုမိုခံနိုင်ရည်ရှိခြင်း၊ ပိုးမွှားရောဂါကင်းစင်ခြင်း၊ ရင့်မှည့်မှုညီညာ၊ ရိတ်သိမ်းချိန်တွင် အလေအလွင့်နည်းပါးခြင်း၊ အခြားမျိုးကွဲများမပါဝင်ခြင်း၊ သီးနှံအထွက်နှုန်းကို (၁၅)မှ(၂၀)ရာခိုင်နှုန်းအထိ ပိုမိုထွက်ရှိစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ခုနှစ်တွင် မိုးစပါးစိုက်ဧက (၂၇)သိန်းကျော်ရှိသည့်အနက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်မှု (၆၉)ရာခိုင်နှုန်းရှိသောကြောင့် ယခင်နှစ်ကထက် စပါးတင်းသိန်း(၂၀)ကျော် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း “စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမြင့်ကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စနစ်ကျလယ်ယာမြေဧက (၅၁၀၀)ဖော်ထုတ်ထားရှိပြီးဖြစ်ရာ အဆိုပါဧရိယာများထဲမှာ စုပေါင်းလယ်ယာမြေများ ဖွဲ့စည်း၍ မျိုးစေ့ဘဏ်ကော်မတီဝင်များဖြင့် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ရေးကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ပြီး မျိုးစေ့ဘဏ်ဆောင်ရွက်မည့် အဖွဲ့အစည်းများအား တစ်ဧကလျှင်တစ်တင်းခွဲနှုန်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဝန်ကြီးချူပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြပြီး တောင်ငူခရိုင်မှ (၃၀၀)ဧကအတွက် မျိုးသန့်မျိုးစပါး(၄၅၀)တင်း၊ ပဲခူးခရိုင်(၃၅၀)ဧကအတွက် (၅၂၅)တင်း၊ ပြည်ခရိုင်(၄၅၀)ဧကအတွက် (၆၇၅)တင်း၊ သာယာဝတီခရိုင် (၄၀၀)ဧကအတွက်(၆၀၀)တင်း၊ စုစုပေါင်း(၁၅၀၀)ဧကအတွက် (၂၂၅၀)တင်းဖြန့်ဝေပေးအပ်ကြောင်း သတင်းရရှိသည်။