Home / ထန်းတပင်မြို့နယ် / ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမားရေးအတွက် အခမဲ့ကွင်းဆင်းကုသမှုအား ဝန်ကြီးချုပ်ဦးဝင်းသိန်း ကြည့်ရှုအားပေး

ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမားရေးအတွက် အခမဲ့ကွင်းဆင်းကုသမှုအား ဝန်ကြီးချုပ်ဦးဝင်းသိန်း ကြည့်ရှုအားပေး

အောက်တိုဘာ ၂၁ (ပဲခူး)
===================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်ခန့်က တာဝန်ရှိသူများနှင့် အတူ ထန်းတပင်မြို့နယ် လှည်းလမ်းကူး အခြေခံပညာအထက်တန်းကျောင်းတွင် တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်များမှ ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ကွင်းဆင်းကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ကွင်းဆင်းကုသရာ၌ တောင်ငူမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးဆောင်သော ခွဲစိတ်၊ အရိုး၊ ကလေး၊ သားဖွားမီးယပ်၊ မျက်စိ၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ဓါတ်မှန်၊ နား/နှာခေါင်း/လည်ချောင်း အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ကင်ဆာ၊ အရေပြား၊ ရောဂါဗေဒ၊ သွားရောဂါကုဆရာဝန်များ၊ ဆေးပေးဝန်ထမ်းများ စုစုပေါင်း(၆၀)ဦးတို့သည် ထန်းတပင်မြို့နယ် လှည်းလမ်းကူး၊ မဲဖလံ၊ သရက်တန်း၊ ကြို့ပင်သာ၊ ဘုမ္မတီ၊ တလိုင်းအိုင်စသည့် ကျေးရွာအုပ်စု(၆)အုပ်စုနှင့် ကျောက်ကြီးမြို့နယ်တွင်းရှိ ပြည်သူများ၏ အထွေထွေရောဂါများကို အခမဲ့ကွင်းဆင်းကုသ ပေးခြင်းဖြစ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှည်းလမ်းကူးတိုက်နယ်ဆေးရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး တာဝန်ရှိသူများအား စေတနာထား၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ရေရှည်တည်တံ့ခိုင်ခန့်အောင်၊ အရည်အသွေး ပြည့်မှီစွာဖြင့် အမြန်ဆုံးပြီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါ တိုက်နယ်ဆေးရုံအား ပြည်ထောင်စုခွင့်ပြုရံပုံငွေဖြင့် ၂၀၁၆-၁၇ ခုနှစ်တွင် ငွေကျပ်သိန်း(၁၅၂၀)၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်း(၆၀၀)ဖြင့် (၁၃၄ပေ×၅၆ပေ) RCတစ်ထပ် တိုးချဲ့လူနာဆောင်နှင့် (၂၇ပေ×၂၈ပေ) RCတစ်ထပ် ဓာတ်မှန်ဆောင်တို့အား ဟိန်းစည်အောင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။