Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန / ထိုင်းနိုင်ငံ၊ နိုပိုဒုက္ခသည်စခန်းမှ ပြန်လာသူများအား ထောက်ပံ့ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ထိုင်းနိုင်ငံ၊ နိုပိုဒုက္ခသည်စခန်းမှ ပြန်လာသူများအား ထောက်ပံ့ခြင်းအခမ်းအနား ကျင်းပပြုလုပ်

မေ ၈ (ပဲခူး)

=============

မေလ (၈)ရက်နေ့၊ မွန်းလွဲ (၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံ၊ နိုပိုဒုက္ခသည်စခန်းမှ ပြန်လာသူများအား ထောက်ပံ့ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ယခုလို မိမိတို့ နေရပ်ပဲခူးမြို့ကို ပြန်လည်ရောက်ရှိလာမှုအပေါ် အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ နိုင်ငံရေးအခြေအနေများလည်း ပြောင်းလဲနေပြီဖြစ်၍ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်လမ်းများ ပေါများနေပြီဖြစ်ကြောင်း၊ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်ကိုင်စားသောက်သွားရန်နှင့် နိုင်ငံတော်အတွက် မိမိတို့ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်သော နိုင်ငံသားကောင်းများ ဖြစ်ကြစေလိုကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် ကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နေရပ်ပြန်လာသူ မိသားစု(၁)စု၊ (၅)ဦးအတွက် တစ်ဦးလျှင်(၁)သိန်းကျပ်၊ မီးဖိုချောင်သုံးပစ္စည်း(၆)မျိုးပါ ကတ်ထူပုံး(၁)လုံး၊ လူသုံးကုန်ပစ္စည်း (၁၄)မျိုးပါ ပလက်စတစ်ပုံး(၁)လုံးတို့အား စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီးမှ ထောက်ပံ့ ပေးအပ်ခဲ့ရာ၊ နေရပ်ပြန်လာသူများကိုယ်စား ဦးအောင်မြတ်လင်း(ခ)ကိုနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှ နေရပ်ပြန်လာလိုသူများ ပြန်လည်ခေါ်ယူနိုင်ရေး အတွက် ဦးထွန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်သော အဖွဲ့ဝင်(၆)ဦးမှ မြဝတီနယ်စပ်ဂိတ်မှ မေလ(၇)ရက်နေ့တွင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ နေရပ်ပြန်လာသူ (၅)ဦးမှာ ပဲခူးမြို့၊ မြို့သစ်(ဂ)ရပ်ကွက်၊ ရှမ်းတန်း(၄)လမ်းတွင် နေထိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။