Home / ဒိုက်ဦးမြို့နယ် / ဒိုက်ဦးမြို့နယ် ဆင့်ကူး-ကုက္ကိုင်း အရှည်(၉)မိုင်ရှိ ကျေးရွာချင်းဆက် မြေသားကားလမ်းမ ဖွင့်ပွဲကျင်းပပြုလုပ်

ဒိုက်ဦးမြို့နယ် ဆင့်ကူး-ကုက္ကိုင်း အရှည်(၉)မိုင်ရှိ ကျေးရွာချင်းဆက် မြေသားကားလမ်းမ ဖွင့်ပွဲကျင်းပပြုလုပ်

ဇန်နဝါရီ ၃ (ပဲခူး)
==================================

ဇန်နဝါရီလ(၃)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဆင့်ကူး – ကုက္ကိုင်း အရှည်(၉)မိုင်ရှိ ကျေးရွာချင်းဆက် မြေသားကားလမ်းမ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်တို့က အရှည်(၉)မိုင်ရှိ ကျေးရွာချင်းဆက် မြေသားကားလမ်းမကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။
ထို့နောက် ကန်တော်ကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဒုတိယပိုင်းအစီအစဉ် ကျင်းပပြုလုပ်ရာ လမ်းဖြစ်မြောက်ရေးအတွက် အဓိကစွမ်းဆောင်ပေးသော ခရမ်းဆရာတော် ဘဒ္ဒန္တဝေရောစနနှင့် ဖန်ခါးကွင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏတို့မှ သြဝါဒကထာမြွက်ကြားပြီး ဝန်ကြီးချုပ်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က လမ်းနှင့်ပတ်သက်သည့် လိုအပ်ချက်များကိုလည်းကောင်း၊ လမ်းဖြစ်မြောက်ရေးကော်မတီ နာယက ဦးမောင်မောင်က လက်ရှိဖောက်လုပ်ထားသော မြေသားလမ်းနှင့်ပတ်သည့် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး လမ်းမြေနေရာလှူ ဒါန်းပေးသော အလှူရှင်များနှင့် ကန်ကလေးကျေးရွာတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် မြေနေရာလှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ လမ်းဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဦးအောင်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါမြေသားကားလမ်းမကြီးသည် အရှည်(၉)မိုင်၊ အကျယ်(၂၄)ပေ၊ အမြင့်(၅)ပေရှိပြီး ဆင့်ကူး – မြောက်ချေကုန်း – ကန်ကလေး – ကုက္ကိုင်း ကျေးရွာများသို့ ဆက်သွယ်သွားလာနိုင်သော ကျေးရွာချင်းဆက် မြေသားကားလမ်းမကြီးဖြစ်ပြီး ခရမ်းဆရာတော်၊ ဆင်ကူးဆရာတော်၊ မြောက်ချောကုန်းဆရာတော်များမှ ဦးဆောင်ပြီး တပည့်ဒါယကာ၊ ဒါယိကာမအများ စုပေါင်းငွေကျပ် သိန်းပေါင်း(၁၁၄၀)ကျော် အကုန်ကျခံ ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် ကွန်ကရစ်လမ်းအဖြစ်လည်း အဆင့်မြင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။