Home / အုပ်ချုပ်ရေး / ပြည်ခရိုင် / ဇီးကုန်းမြို့နယ် / ဒုတိယသမ္မတ(၂) သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများအား ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ(၂) သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်မှုများအား ကြည့်ရှုစစ်ဆေး

မေ ၁၃ (ပဲခူး)
==========================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ အတွင်းဝန်များနှင့် မေလ(၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ တည်ဆောက်ရေး(၉)သို့ ရောက်ရှိလာပြီး ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ သာယာဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု၊ ပြန်လည်ပြုပြင် ဆောင်ရွက်မှုများအား Power Pointဖြင့် ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ(၂)မှ ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခဏခဏပြုပြင်နေမည့်အစား တစ်ခါတည်း အခိုင်အမာဖြစ်အောင် စနစ်တကျ လုပ်ဆောင်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထိုနောက် ဒုတိယသမ္မတ(၂) ဦးဆောင်သောအဖွဲ့သည် မိုးညိုမြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာပြီး မိုးညိုမြို့နယ် ဘုရားကြီးကုန်း-ခအောင်းပင်တာ ပြုပြင်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်မှ ရှင်းလင်းတင်ပြသည်။
မိုးညိုမြို့နယ်အတွင်း ဧရာဝတီမြစ်ရေလျှံမှုနှင့် မြစ်မခမြစ်ရေလျှံခြင်းတို့ကြောင့် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်း၊ ရေလွှမ်းမိုးခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးညိုမြို့ပတ်တာ၊ ပေါက်ကုန်းဆပဂံတာ၊ ဘုရားကြီးကုန်းခအောင်းပင်တာ၊ ထိန်တောခမုံဆိပ်တာ၊ ဧရာဝတီအရှေ့ဘက်ကမ်းတာ၊ မြစ်မခမြစ် အနောက်ဘက်ကမ်းတာတို့ကို ထိန်းသိမ်းထားရှိသည်။
ဘုရားကြီးကုန်း-ခအောင်းပင်တာသည် အရှည်တာမိုင်(၃၄)မိုင်ရှိပြီး ၂၀၁၆ခုနှစ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ကာ စိုးရိမ်ရေမှတ်အထက် (၆.၆၅)ပေကျော်လွန်သဖြင့် ထူးပေါက်များစွာဖြစ်ပေါ်ခြင်း၊ တာအိကျခြင်း၊ တာလျောကျမှုများ ဖြစ်ပေါ်ခြင်း၊ တာပေါ်ရေကျော်ခြင်း၊ ရေတိုက်စားခြင်းတို့ကြောင့် ဘုရားကြီးကုန်း ခအောင်းပင် တာမိုင်(၂၀/၀)ရှိ ကမ်းရင်းတာနှင့် ပန်းတာကျိုးပေါက်ခဲ့မှု ဖြစ်ပေါ်ခဲ့သည်။ တာကျိုးပေါက်သော နေရာများအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်ထောင်စုဘက်ဂျက်ရန်ပုံငွေဖြင့် အခိုင်အမာ ပြန်လည်ပြုပြင်ခြင်း၊ ရေလွတ်အမြင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည်။
ယင်းနောက် ဒုတိယသမ္မတ(၂)နှင့်အဖွဲ့သည် လက်ပံတန်း – ထိန်တော – မိုးညို – နတ်တလင်း ကားလမ်းပေါ်ရှိ ငါးပြေမတံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ထွန်းမှ တံတားတည်ဆောက်မှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ငါးပြေမတံတားသည် အရှည်(၂၆၀)ပေ၊ အကျယ်(၁၂)ပေရှိ နှစ်လွှာတစ်ထပ် ဘေလီသံဘောင် အမျိုးအစားဖြစ်ပြီး (၈၀)ပေတစ်ခန်း၊ (၁၁၀)ပေတစ်ခန်း၊ (၇၀)ပေတစ်ခန်းပါဝင်ကာ နိုင်ငံတော်သမ္မတ၏ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ် အထူးခွင့်ပြုရန်ပုံငွေကျပ် (၂၈၄)သန်းကျော်ဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။