Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ်​ ပဲခူးတိုင်းဒေသကြီးလွှတ်​​တော်​ အ​ရေး​ပေါ်အစည်းအ​ဝေး(၂/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

ဒုတိယအကြိမ်​ ပဲခူးတိုင်းဒေသကြီးလွှတ်​​တော်​ အ​ရေး​ပေါ်အစည်းအ​ဝေး(၂/၂၀၁၈)သို့ ဝန်ကြီးချုပ် တက်ရောက်

ပဲခူး  ဇွန်  ၄

==============================

    ဇွန်လ(၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အဆောက်အဦ၌ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈)ပထမနေ့ကို ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ (၇၅) ဦးမှ (၆၈) ဦး တက်ရောက်ပြီး အစည်းအဝေး မတက်ရောက်နိုင်သော ကိုယ်စားလှယ်များများက ခွင့်ပန်ကြား၍ တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးစတင်သည်။

ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးမျိုးမင်းဇော်မှ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာ ပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ပြီးနောက် ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဦးညွှန့်ရွှေက လွှတ်တော်သို့တင်သွင်းသည်။

ဆက်လက်၍  ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ(၂)ခု ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းအား တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ကိုရယူကာ ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ လျာထားစာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် စီမံကိန်းဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ရေးရာကော်မတီဥက္ကဋ္ဌ ဦးစည်သူလွင်က ဖတ်ကြားရှင်းလင်းသည်။

        ယင်းနောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး (၂/၂၀၁၈)ပထမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပမည့်နေ့ရက်ကို ကြေငြာကြောင်း သိရသည်။