Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမ)နေ့ကျင်းပပြုလုပ်

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမ)နေ့ကျင်းပပြုလုပ်

မတ်လ ၂၀(ပဲခူး)

=================================

 

           (၂၀.၃.၂၀၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေး(ပထမ)နေ့ ကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးရှိသည့်အနက် (၇၁)ဦး တက်ရောက်သည်။

            တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ နေရာယူခြင်း၊ ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမ)နေ့ အစည်းအဝေးတွင် အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေငြာခြင်း၊ အစည်းအဝေးမတက်ရောက်နိုင်သော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြား၍ တိုင်းဒေသကြီးလွှတ်တော်မှ အဆုံးအဖြတ်ရယူကာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ မိန့်ခွန်းနှင့် သဝဏ်လွှာများအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ဆောင်ရွက်ခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်မိန့်ခွန်းပြောကြားပြီးနောက် ကြယ်ပွင့်ပြထား သည့် မေးခွန်းများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည် ဖြေကြားပေးသည်။

            ဆက်လက်၍ ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ” ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးအတွက် ရဲဝန်ထမ်းများ၊ ဥပဒေအရာရှိများနှင့် ဥပဒေရုံးဝန်ထမ်းများ၊ တရားသူကြီးနှင့် တရားရုံး ဝန်ထမ်းများစသဖြင့် အဂတိလိုက်စားမှုမရှိစေရေးနှင့် တရားရေး မဏ္ဏိုင်တိမ်းစောင်းနေမှုမဖြစ်ပေါ်စေရန် လွတ်လပ်၍ အနှောင်အဖွဲ့ ကင်းသော စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်း တာဝန် ပေးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း” အဆို တင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့် အဆုံးအဖြတ်ရယူပြီးနောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေး(ပထမနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး(ဒုတိယနေ့)အား (၂၁.၃.၂၀၁၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။