Home / ပဲခူးမြို့နယ် / ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(ပထမ)နေ့သို့ ဝန်ကြီးချုပ် တက်ရောက်

ဇူလိုင်  ၃

=============================

ပဲခူးတိုင်းဒေသကြီးလွှတ်တောရုံး အစည်းအဝေးခန်းမ၌ ဇူလှိုင်လ(၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (ပထမ)နေ့ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များ ခွင့်ပန်ကြားခြင်းအား တိုင်းဒေသကြီးလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်လောင်း(၂)ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သဝဏ်လွှာများအား မှတ်တမ်းတင်ခြင်းများ ပြုလုပ်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ မိန့်ခွန်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် (ကြည်း-၂၇၂၉၄) ဗိုလ်မှူးကြီးလှမျိုးရွှေအား ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ အတည်ပြုရွေးချယ်ထားပြီးဖြစ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူသည်။
ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ကြယ်ပွင့်မေးခွန်းများမေးမြန်းရာ သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များမှ ပြန်လည်ဖြေကြားခဲ့ပြီး ပထမနေ့အစည်းအဝေးအားရပ်နားခဲ့သည်။
ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမအကြိမ် (ပထမ)နေ့ ပုံမှန်အစည်းအဝေးတွင် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၇၅)ဦးအနက် (၇၁)ဦးတက်ရောက်ပြီး၊ မေးခွန်း(၂၃)ခု၊ အစီရင်ခံ(၃)ခု၊ အဆို(၁)ခု တင်သွင်းမေးမြန်းခဲ့ ကြောင်းသိရသည်။