Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး တရုတ်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ရုံတည်ဆောက်နိုင်ရန် လာရောက်တွေ့ဆုံ

ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး တရုတ်နိုင်ငံအခြေစိုက် အထည်ချုပ်စက်ရုံတည်ဆောက်နိုင်ရန် လာရောက်တွေ့ဆုံ

သြဂုတ် ၃၀ (ပဲခူး)

================================================

သြဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး တရုတ်နိုင်ငံအခြေစိုက် Nann Yar Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သက်သက်မွန်ဦးဆောင်သော အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ဒေါ်သက်သက်မွန်က မိမိတို့ကုမ္ပဏီသည် ယခင် ၂၀၀၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံ ၌  လာရောက်ရင်းနှီးမြှုပ်နှံခဲ့သော်လည်း စီးပွားရေးပြောင်းလဲမှုများကြောင့် အခြားပြည်ပနိုင်ငံများသို့ သွားရောက်ရင်းနှီးမြှုပ်နှံခဲ့ရပါကြောင်း၊ ယခုအခါ  မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု၊ နိုင်ငံတကာမှ စီးပွားရေး ဖိအားပေးခြင်းများမရှိတော့သဖြင့် ဒုတိယအကြိမ် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မည်သည့်မြို့နယ်၌မဆို ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုရင်းနှီးမြှုပ်နှံမှုသည် မိမိတို့ကုမ္ပဏီအနေဖြင့် အကြီးမားဆုံးအထည်ချုပ်စက်ရုံများ တည်ထောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မြေဧရိယာ(၁၀၀/၁၅၀) ဧကခန့် လိုအပ်မည်ဖြစ်ပါကြောင်း၊ စက်ရုံ၌ ဒေသခံပြည်သူ(၁၂၀၀၀)ဦးအား အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးသွားနိုင်မည်ဖြစ်ပြီး၊ စက်ရုံလုပ်သားများအတွက် သင်တန်းများလည်း ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ပဲခူးဒေသသည် နောင်အနာဂတ်၌ စီးပွားရေးအရ အလွန်အရေးပါ လာမည်ဖြစ်ပြီး ပဲခူးဒေသနှင့်စပ်ဆက်နေသည့် မြို့နယ်များ၌လည်း ပဲခူးဒေသကို အမှီပြု၍ အခြား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ယခုအချိန်ကတည်းက ပဲခူးဒေသပတ်ဝန်းကျင် မြို့နယ်များတွင် စီးပွားရေးလုပ်ငန်းများ အခြေချလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသွားရမည်ဖြစ်ကြောင်း၊ သီလဝါဆိပ်ကမ်းသို့ တိုက်ရိုက်ဆက်သွယ်မည့် လမ်းမကြီးများ ဖောက်လုပ်မည့် ကဝမြို့နယ်ပတ်ဝန်းကျင်၌ စက်ရုံတည်ဆောက်မည်ဆိုပါက အဆင်ပြေနိုင်မည်ဖြစ်ပြီး လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် မိမိတို့အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။