Home / ပဲခူးမြို့နယ် / ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိင်းအစည်းအဝေး ကျင်းပပြုလုပ်

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိင်းအစည်းအဝေး ကျင်းပပြုလုပ်

စက်တင်ဘာ ၅ (ပဲခူး)

================================================

စက်တင်ဘာလ(၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း(Community Forestry) အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းညှိနှိင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းသည် လူနှင့် လူ့ပတ်ဝန်းကျင် အတွက် အလွန်အရေးပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ တည်ထောင်ပေး ခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သစ်တော စိုက်ခင်းများ ခွင့်ပြုပေးရာတွင်လည်း နိုင်ငံရေး၊ စီးပွားရေးအမြင်များဖြင့် ချိန်ထိုးစဉ်းစားပေးစေလို ကြောင်း၊ သစ်တောစိုက်ခင်းများသည် နှစ်ကာလရှည်ကြာစွာ စောင့်ရှောက်ရသည့် လုပ်ငန်းဖြစ်၍ ၎င်းဧရိယာအတွင်း ပရဆေးပင်များ၊ ငှက်ပျောပင်များ၊ အခြားသီးနှံပင်များ ကြားညှပ်စိုက်ခြင်းအားဖြင့် တစ်ဘက်တစ်လှမ်း ဝင်ငွေရရှိနိုင်မှာဖြစ်ကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့သစ်တောစိုက်ခင်း တည်ထောင်လုပ်ကိုင်ခြင်းသည် စည်းလုံးညီညွှတ်ခြင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေခြင်း စသည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိစေနိုင်သလို နိုင်ငံရေးအနှစ်သာရများ ပါဝင်နေ၍ ဌာနဆိုင်ရာများက မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က မြန်မာ နိုင်ငံ လူဦးရေ၏(၇၀)%သည် ကျေးလက်နေပြည်သူများဖြစ်ပြီး သစ်တောသယံဇာတအပေါ် အမှီပြု၍ နေထိုင်လျက်ရှိပါပြီး သစ်တောများ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ပြည်သူလူထုလည်း ပူးပေါင်းပါဝင်လာရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းမှာ (၄၂.၉၂)%သာ ရှိတော့ပါကြောင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ သစ်တော စိုက်ခင်းများ တည်ထောင်ပေးခြင်းအားဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းရရှိလာမည်ဖြစ်ပြီး ပြည်သူများ ပါဝင်နိုင်သော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှု စနစ်ကို မြှင့်တင်သွားရန်နှင့် ရာသီဥတု ပြုပြင်ပြောင်းလဲ မှုကို လျော့ချနိုင်ရေး အကျိုးကျေးဇူးများ ခံစားနိုင်စေရန် ရည်ရွယ်ရခြင်းဖြစ်ပါကြောင်း တင်ပြဆွေးနွေး ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံက သာယာဝတီခရိုင်အတွင်းမှာ နိုင်ငံခြား ဝင်ငွေရရှိနိုင်သည့် အဖိုးတန် သစ်မွေးစိုက်ခင်းများ ထူထောင်လုပ်ကိုင်လျက်ရှိကြောင်း၊ သစ်တော စိုက်ခင်းများ အောင်မြင်လာခြင်းကိုအမှီပြုပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးလာမည်ဖြစ်၍ နိုင်ငံနှင့်ပြည်သူအတွက် အကျိုးများသည့် ဒေသခံပြည်သူ အစုအဖွဲ့ သစ်တော စိုက်ခင်းထူထောင်ခြင်းကို စီမံကိန်းတစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သင့် ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးတိုးဝင်းက ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခြင်းများ လုပ်ကိုင်ခွင့်ပေးရာတွင် မြေယာပိုင်ဆိုင်မှု ပေးခြင်းမဟုတ်ပါကြောင်း၊ သတ်မှတ်ရရှိသည့် နေရာတွင် သစ်တောဥပဒေနှင့်အညီ စိုက်ပျိုးလုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ အောက်ခြေ ဒေသခံပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်ရှိ သစ်တောများ၌ ရာသီထွက်ကုန်များကို ရှာဖွေစားသောက်နေသည့် အနေအထားမျိုးသာ တွေ့ရှိရကြောင်း၊ ယခုအကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းသည် ဒေသခံပြည်သူလူထုအတွက် စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းမျိုးဖြစ်၍ လျှောက်ထားရမည့် ပုံစံ၊ အစုအဖွဲ့ ဖွဲ့စည်းမှုစသည့် အခြေခံအချက်အလက်များကို အောက်ခြေကျေးရွာများအဆင့်ထိ သိရှိနိုင်အောင် တက်ရောက်လာသည့် အုပ်ချုပ်ရေး အဖွဲ့အစည်း များနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးရန်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှလည်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ဒေသခံပြည်သူ အစုအဖွဲ့သစ်တောလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အကြောင်းကြား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဆောင်ရွက်ခွင့် လျှောက်ထားရာတွင် အနည်းဆုံး အိမ်ထောင်စု(၅)စုဖြင့် ဖွဲ့စည်းထားရမည်။ ယင်းအဖွဲ့ဝင်များထဲမှ အများဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး စသည့်တို့ဖြင့် ကော်မတီ ဖွဲ့စည်းရမည်။ လျှောက်ထားရာတွင် ဥက္ကဋ္ဌရွေးချယ်ခံရသူသည် မြို့နယ်သစ်တော တာဝန်ခံမှတဆင့် ခရိုင်သစ်တောအရာရှိထံ ပုံစံ(က)ဖြင့် လျှောက်ထားနိုင်ပြီး၊ ကနဦး နှစ်(၃၀)လုပ်ကိုင်ခွင့်၊ နည်းပညာ နှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများနှင့် အဖွဲ့ပိုင် ဧရိယာအတွင်း အခြားစီမံကိန်းများ ဆောင်ရွက်ပါက သစ်တောသစ်ပင်၊ စိုက်ပျိုးသီးနှံတန်ဖိုးနှင့် ဆုံးရှုံးမှုများအတွက် လျော်ကြေးတောင် နိုင်ကြောင်းကိုလည်း အာမခံချက် ရရှိမည်ဖြစ်သည်။

အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး များ တက်ရောက်ခဲ့ကြောင်း သိရသည်။