Home / ပဲခူးမြို့နယ် / ဒေသထွက်ကုန်များ ပြခန်းဖွင့်လှစ်ခြင်း၊ ရောင်းချခြင်းနှင့် သဘာဝခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် Chindwin River Project Co., Ltd မှ လာရောက်တွေ့ဆုံ

ဒေသထွက်ကုန်များ ပြခန်းဖွင့်လှစ်ခြင်း၊ ရောင်းချခြင်းနှင့် သဘာဝခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် Chindwin River Project Co., Ltd မှ လာရောက်တွေ့ဆုံ

မတ်လ ၁၂ (ပဲခူး)

=========================

(၁၂.၃.၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ထံသို့ Chindwin River Project Co., Ltd ဥက္ကဋ္ဌ ဒေါ်စိုးယုဝေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ ဒေါ်စိုးယုဝေက မိမိတို့ကုမ္ပဏီအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်များ၊ သဘာဝအရင်းအမြစ်များအပေါ် အခြေခံသည့် ခရီးသွားအပန်းဖြေစခန်း တစ်ခုအဖြစ် ဆောင်ရွက်လို၍ လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ လက်ရှိမိမိတို့ကုမ္ပဏီမှ ဆောင်ရွက်မည့် မြေနေရာသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး မိုင်တိုင်(၇၆)မိုင်ရှိ မြေဧရိယာ(၂၂.၅)ဧကတွင် ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ ၎င်းဧရိယာအတွင်း ဒေသထွက် ပန်းချီ၊ ပန်းပုကဲ့သို့ အလှဆင်ပစ္စည်းများ၊ ပရိဘောဂများ၊ အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် အခြားဒေသထွက်ကုန်များ ရောင်းချသည့်အဓိကနေရာ ဖြစ်လာ စေရန်၊ စိုက်ပျိုးသီးနှံများနှင့် မွေးမြူရေး ထွက်ကုန်များ ထုတ်လုပ်ရောင်းချသည့် နေရာဖြစ်လာစေရန်၊ စိုက်ခင်းတွင် မှီခိုအားထားလျက်ရှိသော ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် သစ်တောသယံဇတ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားပါကြောင်းနှင့် လက်ရှိ မိမိတို့ကုမ္ပဏီ၏ လူမှုရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအပေါ် Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ယခုတင်ပြသည့် လုပ်ငန်းစီမံချက်သည် ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ခြင်းနှင့် ပညာရေး၊ ကျန်းမာရေး တို့ပါ အထောက်အကူဖြစ်စေနိုင်မည့် လုပ်ငန်းဖြစ်ကြောင်းနှင့် နိုင်ငံခြားဝင်ငွေရရှိနိုင်မည့် သဘာဝခရီးသွား လုပ်ငန်းများလည်းပါဝင်သဖြင့် ပိုမိုပြည့်စုံ ကောင်းမွန်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ပဲခူးဒေသ ထွက်ကုန်များအား တစ်နေရာတည်း ရောင်းချနိုင်မည့် အသေးစား ဒေသထွက်ကုန်ရောင်းချသည့် ဈေးကွက်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိကြောင်း၊ သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သစ်တောအား လူ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် လုပ်ငန်းများ စနစ်တကျ ပြန်လည်အသုံးချနိုင်ရန် လိုအပ်ကြောင်းနှင့် ယခုလို နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ပြည်သူအကျိုးပြုသည့် လုပ်ငန်းမျိုးဆောင်ရွက်ရန် လာရောက်တင်ပြမှုအပေါ် ကျေးဇူးတင် ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။