Home / အုပ်ချုပ်ရေး / ပြည်ခရိုင် / မင်းလှမြို့နယ် / ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ဧပြီ ၂၂ (ပဲခူး)

=========================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၈:၃၀) နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများနှင့်အတူ မင်းလှ၊ မိုးညို၊ ရွှေတောင်မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆည်မြောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ မင်းလှ – စိန်ကန့်လန့် – မြို့ချောင်း – ကျွန်းကုန်းလမ်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးဇော်ထွန်းမှ ရှင်းလင်းတင်ပြပြီး၊ မင်းလှမြို့နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော စိမ်းလန်းစိုပြေရေးကန်၊ ကန်ပတ်လမ်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ မိုးညိုမြို့နယ်အတွင်းရှိ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ် တင်ဒါကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ဘုရားကြီးကုန်း – ခအောင်းပင်တာ-ပန်းတာ ပြင်ဆင်ခြင်းလုပ်ငန်းနှင့် မြစ်မခအနောက်ဘက်ကမ်းတာ (မိုင်၃/၄မှ၈/၀)အထိ အခိုင်အမာ မြှင့်တင်ခြင်းလုပ်ငန်း၊ ရွှေတောင်မြို့နယ်အတွင်းရှိ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်၌ ဆောင်ရွက်ပြီးခဲ့သော ကွေ့မတာ ပေတိုင်(၃၀+၀၀၀)ပန်းတာနှင့် ကမ်းရင်းတာ အခိုင်အမာပြုပြင်ခြင်းလုပ်ငန်း၊ ၂၀၁၇-၂၀၁၈ခု တင်ဒါကင်းလွှတ်ခွင့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ကွေ့မတာ ACL-RL78.00′ ပြည့်မီရန် လိုအပ်သည့် (RD26+350) မှ (52+200) တာအဆုံးထိ အပိုင်းအား (၃)ပေတာမြှင့်ဖို့ ပြုပြင်ခြင်း၊ ထန်းလုံးချောင်းတာ တာမြှင့်တင်ခြင်း၊ (၆)လုံးရေပြွန် ပြန်ဆင်ခြင်း၊ ကြံခင်းတန်းလမ်း အလျား(၇၈၀)ပေ Parapet Wall တည်ဆောက်ခြင်းများ ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်မှ ရေရှည်ကောင်းမွန်းရန်အတွက် ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်ကြရန်၊ ဌာနအကြီးအကဲများမှလည်း မကြာခဏ လာရောက်ကြည့်ရှု ကြပ်မတ်ခြင်းများ ပြုလုပ်ကြရန် မှာကြားခဲ့သည်။

မင်းလှ – စိန်ကန့်လန့် – မြို့ချောင်း -ကျွန်းကုန်းလမ်းသည် အရှည်(၈၄)မိုင် (၇)ဖာလုံရှိပြီး ပဲခူးရိုးမအား ဖြတ်သန်းဖောက်လုပ်ထားရှိကာ နွေမိုးဆောင်း ရာသီမရွေး သွားလာနိုင်ရန် အတွက် ကတ္တရာခင်းရန် (၈)မိုင်(၅)ဖာလုံသာ ကျန်ရှိပြီး ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါလမ်းပြီးသွားပါက ပဲခူးတိုင်းဒေသကြီး  အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်အခြမ်း မြို့နယ်များသို့ အချိန်တိုအတွင်း လွယ်ကူစွာ ဖြတ်သန်းသွားနိုင်မည်ဖြစ်သည်။ စိမ်းလန်းစိုပြေရေးကန်သည် မင်းလှမြို့နယ် ကန်ကြီးတန်း ရပ်ကွက်၊ မီးရထားလမ်းနှင့် စည်ပင်သာယာရေးအဖွဲ့ရုံးအကြားရှိ မြေဧက(၀.၅၁၉)ပေါ်တွင် အလျား(၃၇၀)ပေ၊ အနံ(၇၀)ပေ တူးဖေါ်ထားရှိခြင်းဖြစ်သည်။