Home / ပဲခူးမြို့နယ် / ဒေသဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် UNDP မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

ဒေသဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် UNDP မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

ဒီဇင်ဘာ ၁၁ (ပဲခူး)

==================================

       ဒီဇင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး၊ ဝန်ဆောင်မှုနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် UNDP တာဝန်ရှိသူများ လာရောက်တွေ့ဆုံ သည်။

        ရှေးဦးစွာ Ms. Anki Dellnas က ပဲခူးတိုင်းဒေသကြီးအား ဗဟိုပြုပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ စီမံခန့်ခွဲခြင်းကိစ္စရပ်များ၊ ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ပေးမှု ဆိုင်ရာကိစ္စရပ်များ၊ ကျေးလက်ဒေသ ဦးစားပေးလိုအပ်ချက်များ၊ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာကိစ္စရပ်များ စသည်တို့အား အစိုးရနှင့် လွှတ်တော်တို့၏ သဘောထားအမြင်များအား သိရှိလိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့ပဲခူးတိုင်းဒေသကြီးအတွက်  ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံခြင်းအပေါ် ဝမ်းမြောက်မိကြောင်း၊ အဓိကအားဖြင့် မြို့ပြနှင့် ကျေးလက် ကွာဟချက်လျော့နည်းစေရန်အတွက် လမ်းပန်းဆက်သွယ် ရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အစိုးရတစ်ခုတည်း ဆောင်ရွက်၍မရကြောင်း၊ ပြည်သူများမှ လည်း ပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ လက်ရှိ မြို့နယ်များရှိOSSရုံးများအား ဝန်ထမ်း၊ ဘဏ္ဍာ ငွေနှင့် အခြေခံအဆောက်အဦ စသည့်တို့ကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိ ကြောင်း၊ ဝန်ထမ်းရေးရာနှင့်ပတ်သက်၍ နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအား ခေတ်နှင့်အညီ ပြုပြင်ပေးရန်၊ မြေယာခွန်များကိုလည်း ပြန်လည်ပြင်ဆင်၍ ရရှိသည့် အခွန်ဘဏ္ဍာငွေအား ကုန်ထုတ်လမ်းများ၊ စျေးကွက်များ ဖန်တီးပေးရန် လိုအပ်ပြီး ဒါမှသာ စိုက်ပျိုးထုတ်လုပ် ရောင်းချသူနှင့် စားသုံးသူတို့ မျှတသည့်အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အချိန်ကာလဖြစ်၍ အဘက်ဘက်မှ လိုအပ်ချက်များရှိနေပါသဖြင့် UNDP အနေဖြင့် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီ အားဖြည့်ဆောင်ရွက်မည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးနှင့် UNDP မှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။