နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

စက်တင်ဘာ ၈ (ပဲခူး)
====================================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၁၇ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းသား/သူများက မြန်မာ့ကျောင်း သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ပန်းကလေးများလန်းစေမည် တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ အထက(ခွဲ) မြို့အနောက်(ခ)မှ ကျောင်းသား/သူလေးများက အမှောင်ခွင်းစို့ တေးသရုပ်ဖော်ဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက “နိုင်ငံတစ်နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူတိုင်းစာတတ်မြောက်ရေးသည် အဓိကအရေးအကြီးဆုံး အပိုင်းမှာပါဝင်ကြောင်း၊ စာတတ်မြောက်ခြင်းသည် လူသားအားလုံးအတွက် ပို၍တည်တံ့ခိုင်မြဲသော အနာဂတ်ကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာမဖတ်တတ်ခြင်း၊ စာမရေးတတ်ခြင်းတို့သည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကြမ်းဖက်မှုနှင့် ပဋိပက္ခများဖြစ်ပေါ်စေသည့် အခြေအနေရှိခြင်းနှင့် ဆင်းရဲခြင်း၏ ကြောက်မက်ဖွယ်သော အဝန်းအဝိုင်းအတွင်း ပိတ်လှောင်ခြင်း ခံထားရသကဲ့သို့ရှိနေကြောင်း၊ စာမတတ်ခြင်းသည် ပစ်ပယ်ခံရခြင်း၊ ဆက်ရဲခြင်းတို့နှင့် ထပ်တူထပ်မျှ ရှိနေကြောင်း၊ လူ့အခွင့်အရေးနှင့် သိက္ခာအတွက် အခြေခံသည့် စာတတ်မြောက်ရေးသည် ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ ကျား/မတန်းတူရည်တူ ခံစားခွင့်ပိုမိုပါဝင်နိုင်သော လူ့အဖွဲ့အစည်းများအတွက် အရေးပါကြောင်း၊ စာတတ်မြောက်ရေး ရည်မှန်းချက်များကို အမျိုးသားရေးအသိ၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးခံယူချက်တို့ဖြင့် အမျိုးသားရေးတာဝန်အရ ညီညာဖြဖြ ကြိုးပမ်းအားထုတ်သွားကြရန် အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာမကြီးဒေါ်မြင့်မြင့်သန်းက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ၂၀၁၇ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် စာစီစာကုံးနှင့် ပိုစတာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများကို ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အထက(၂) ကျောင်းသား/သူများက စာပေတန်ခိုး ပြည့်ဖွံ့ဖြိုး တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ အထက(၃) ကျောင်းသား/သူများက လူတိုင်းအတွက် ပညာရေး တေးသရုပ်ဖော်ဖြင့်လည်းကောင်း၊ အထက(၆) ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၆ခုနှစ် ဧပြီလ(၁)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ ညောင်လေးပင်မြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဒေသခံလုပ်အားပေးများအပြင် တက္ကသိုလ်ကျောင်းသား/သူများ အကူအညီဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း စာတတ်ရုံနဲ့မတင်းတိမ်ဘဲ စိတ်ဓာတ်ရေးရာ၊ စည်းကမ်းသေဝပ်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့အတွက်လည်း အထူးပင်လိုအပ်သည်။ စာတတ်မြောက်မှု အခြေခံလုပ်ငန်းများ ပြီးမြောက် အောင်မြင်လာသည်နှင့်အမျှ လူတစ်ဦးချင်းစီ၏ လူမှုစီးပွားရေး ဘဝဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ လူသားစွမ်းရည် မြှင့်တင်ရေးအတွက် စာတတ်မြောက်ရေးလုပ်ငန်းကို “လူသားစွမ်းရည်မြင့်မားဖို့ စာတတ်မြောက်ရေးအားပေးစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်သည်။
အဆိုပါအခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးနှင့် ဆရာ/မများ၊ကျောင်းသား/သူများ၊ ကင်းထောက်မောင်/မယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။