Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / စိုက်ပျိုးရေးဦးစီးဌာန / နိုင်ငံပိုင်မြေနှင့် အဆောက်အဦများအား ငှားရမ်းခနှုန်းထားများ ခေတ်နှင့်အညီ ပြင်ဆင်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်

နိုင်ငံပိုင်မြေနှင့် အဆောက်အဦများအား ငှားရမ်းခနှုန်းထားများ ခေတ်နှင့်အညီ ပြင်ဆင်သတ်မှတ်ရန် စီစဉ်ဆောင်ရွက်

ဖေဖော်ဝါရီ ၂၃ (ပဲခူး)
=====================

ဖေဖော်ဝါရီလ (၂၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေ၊ အဆောက်အဦ၊ စက်ရုံများ နှစ်ရှည်(B.O.T)စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ရရှိထားသော ကုမ္ပဏီ များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယခင်အစိုးရခေတ်အဆက်ဆက်တွင် စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေ၊ အဆောက်အဦ၊ စက်ရုံများအား ပုဂ္ဂလိကကုမ္ပဏီများသို့ နှစ်ရှည် (B.O.T)စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ ယခုအခါ ကုမ္ပဏီများက သတ်မှတ်ထားသည့် စာချုပ်ပါအချက်များအတိုင်း လုပ်ကိုင်နေခြင်း ရှိ/မရှိ၊ ငှားရမ်းထားသည့် စျေးနှုန်းများသည် ခေတ်နှင့် အညီ ဖြစ်/မဖြစ် စသည့်အခြေအနေများကို သုံသပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ပြုပြင်ပြောင်း လဲမှုများ ဆောင်ရွက်နေရာတွင် လုပ်ငန်းရှင်များအတွက်လည်း အကျိုးရှိပြီး တိုင်းပြည်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ ရရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြေနေရာအား လက်ဦးမှုရယူထားသည့်ပုံစံမျိုးကို လက်မခံပဲ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင်များကိုသာ လက်တွဲခေါ်ဆောင်သွားမည်ဖြစ်ပြီး၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းလုပ်ငန်းရှင်များနှင့် မိသားစုအသွင် သဏ္ဍာန်ဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က ပဲခူးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးရေးဦ:စီးဌာနပိုင် မြေ၊ အဆောက်အဦ၊ စက်ရုံများ ငှားရမ်းထားရှိမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာသည့် ကုမ္ပဏီများမှ လုပ်ငန်းဆောင်ရွက်နေမှု အခွန်အခများ နှစ်အလိုက် တိုးမြှင့်ပေးဆောင်နိုင်မည့် အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများ၊ စိုက်ပျိုးမြေများ၊ သကြားစက်များ၊ ချဉ်ပေါင်ပျော့ဖတ်စက်ရုံ၊ လျှော်ရွေး လျှော်ထုတ်စက်ရုံများ၊ စိုက်ပျိုးရေးခြံများ စုစုပေါင်း(၂၂)ခုအား ပြင်ပပုဂ္ဂလိက ပြည်တွင်းကုမ္ပဏီ(၁၃)ခုသို့ နှစ်ရှည်(B.O.T)စနစ်ဖြင့် ငှားရမ်း လုပ်ကိုင်ခွင့်ပြုထားပြီး နှစ်စဉ်ကျပ်သိန်း(၉၄၆၇.၉၂၈)သိန်းအား ပြည်ထောင်စုဝန်ကြီးဌာနသို့ ပေးသွင်း လျက်ရှိကြောင်း သတင်းရရှိသည်။