Home / ပေါက်ခေါင်းမြို့နယ် / ပုဂ္ဂလိကကျွန်းစိုက်ခင်းအား ကြည့်ရှုလေ့လာပြီး အမှတ်တရသစ်ပင် စိုက်ပျိုးခဲ့

ပုဂ္ဂလိကကျွန်းစိုက်ခင်းအား ကြည့်ရှုလေ့လာပြီး အမှတ်တရသစ်ပင် စိုက်ပျိုးခဲ့

စက်တင်ဘာ ၄ (ပဲခူး)

====================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်တင်ဘာလ (၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့နှင့်အတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမ အုတ်တွင်း-ပေါက်ခေါင်းလမ်းဘေးရှိ ဖြိုးစည်သူ ပုဂ္ဂလိက ကျွန်းစိုက်ခင်းသို့ သွားရောက်လေ့လာ ကြည့်ရှုပြီး အမှတ်တရ သစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့အား ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် သစ်တောလုပ်ငန်းများ၊ ပြုစုပျိုးထောင် ထိန်းသိမ်းကာကွယ်မှုလုပ်ငန်းများ၊ ဘဏ္ဍာနှစ်အလိုက် သစ်ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖြိုးစည်သူ ထရေးဒင်းကုမ္ပဏီလီမိတက် အုက်ချုပ်မှုဒါရိုက်တာ ဦးရန်နိုင်လွင်က ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်မှုအခြေအနေ၊ သဘာဝတော ထိန်းသိမ်းခြင်း၊ ငှက်မျိုးစိတ်များ ကာကွယ်စောင့်ရှောက်ထားခြင်း၊ အပန်းဖြေစခန်းထားရှိခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြိုးစည်သူထရေးဒင်း ကုမ္ပဏီလီမိတက် ပုဂ္ဂလိက ကျွန်းစိုက်ခင်းတွင် အမှတ်တရ အထိမ်းအမှတ်အဖြစ် ကျွန်း၊ ပျဉ်းကတိုးနှင့် ပိတောက်ပင်များအား စိုက်ပျိုးပေးပြီး ကျွန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် အပန်းဖြေစခန်း ဆောက်လုပ်ဖွင့်လှစ်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ယင်းနောက် ဝန်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အုတ်တွင်းမြို့နယ်အတွင်း ပဲခူးရိုးမ အုတ်တွင်း-ပေါက်ခေါင်း လမ်းဘေးရှိ သစ်တောဦးစီးဌာနမှ စိုက်ပျိုး၊ ထိန်းသိမ်း၊ ကာကွယ် စောင့်ရှောက်ထားရှိသည့် သစ်တောကြိုးဝိုင်းများ၌ ကျွန်းပင်များ စိုက်ထားရှိမှုအား ကြည့်ရှုကာ တာဝန်ရှိသူများအား စိုက်ပျိုးပြီးသော ကျွန်းပင်များ ကောင်းမွန်စွာ ရှင်သန်ကြီးထွား လာစေရန်အတွက် စနစ်တကျ ပြုစုပျိုးထောင်မှုများ အမြဲမပြတ် ကြပ်မတ်ပြုလုပ်ပေးကြရန်၊ သစ်တောပြုန်းတီးမှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များနှင့်အတူ ကာကွယ်စောင့်ရှောက်မှုများ တိကျစွာပြုလုပ်ကြရန်၊ ကြိုးဝိုင်းများအတွင်းရှိ သစ်ပင်များ ကောင်းမွန်စွာ သက်တမ်းပြည့် ကြီးထွားဖွံ့ဖြိုးလာရေးနှင့် မသမာသူများမှ ခိုးယူခြင်းမပြုလုပ်နိုင်ရေးအတွက် မည်သို့ ဆောင်ရွက်ကြမည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများ ညှိနှိုင်းတိုင်ပင် ဆွေးနွေးအဖြေရှာကြရန်၊ သစ်ခိုးထုတ်မှုများ မရှိစေရန် အထူးကြပ်မတ်ပြီး တရားခံလွှတ်မြောက်သွားမှု မရှိစေရေး ကြိုးစားဆောင်ရွက် ဖမ်းဆီးကြရန်မှာ ကြားခဲ့သည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ သစ်တောမြေဧရိယာများ၌ ခပေါင်းကြိုးဝိုင်း၊ ခပေါင်းတိုးချဲ့ကြိုးဝိုင်း၊ ဘုန်းတောင်ကြိုးဝိုင်း၊ ဖြူးကွန်းကြိုးဝိုင်း၊ ပေါက်တောကြိုးဝိုင်း၊ မြယာပင်ကြိုးဝိုင်း၊ ညောင်ခြေထောက်ကြိုးဝိုင်း၊ ခပေါင်းကြိုးပြင်ကာကွယ်တော XVI၊ ခပေါင်းကြိုးပြင်ကာကွယ်တော XVIIစသည့် ကြိုးဝိုင်း(၉)ခုတို့တွင် ၁၉၈၁-၈၂ မှ ၂၀၁၆-၁၇အထိ သစ်တောဦးစီးဌာနမှ စီးပွားရေး (ကျွန်း) (၂၂၃၄၀)ဧက၊ ပုဂ္ဂလိကမှ ကျွန်း(၆၉၂၂)ဧက၊ သစ်မာ(၃၀၃.၉၁)ဧက စိုက်ပျိုးထားရှိပြီး ၂၀၁၇-၁၈ တွင် သစ်တောဦးစီးဌာနမှ စီးပွားရေး(ကျွန်း) (၃၀၀)ဧက၊ ပုဂ္ဂလိက(ကျွန်း) (၁၀၀)ဧကနှင့် သစ်မာ(၂၅၀)ဧက တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင် ကျွန်း၊ သစ်မာ၊ အခြားတရားမဝင် သစ်ဖမ်းဆီးရမိမှုအနေဖြင့် (၃၅.၅၄၂)တန် ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၇-၁၈ဘဏ္ဍာနှစ် ၂၀၁၇ခုနှစ် ဇူလိုင်လအထိ (၁၈၇.၃၂၅၄)တန် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

သစ်များ ခိုးထုတ်ယူခြင်းမှ ကာကွယ်ရန်နှင့် သစ်တောကြိုးဝိုင်းများ ထိန်းသိမ်းကာကွယ်ရန်အတွက် ဝန်ထမ်းအင်အား နည်းပါးခြင်း၊ ယာဉ်ယန္တရားမရှိခြင်း၊ ဖမ်းဆီးသစ်များ သယ်ယူရာတွင် ငွေကြေးကုန်ကျမှုရှိခြင်း၊ ပြည်သူလူထုနှင့် ဆက်စပ်ဌာန အဖွဲ့အစည်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ တရားမဝင် သစ်ခိုးမှုများအား တရားဥပဒေအရ ထိရောက်စွာ ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ်ခြင်း စသည့် စိန်ခေါ်မှုများနှင အခက်အခဲများ ရှိနေကြောင်း ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်မှ ပြောကြားကြောင်း သိရသည်။