Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏စည်ပင်သာယာရေးဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏စည်ပင်သာယာရေးဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

သြဂုတ် ၂၁ (ပဲခူး)
====================================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ သြဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ စည်ပင်သာယာရေး ဥပဒေနှင့် နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဦးမောင်မောင်လွင်တို့က အမှာစကား ပြောကြားကြပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌ ဒေါ်ဇင်မိုးထိုက်နှင့် လွှတ်တော်စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ ဦးသက်စိန်တို့က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေနှင့် နည်းဥပဒေကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အခန်းအလိုက် သြဂုတ်လ(၂၁)ရက်မှ (၂၂)ရက်နေ့အထိ ဆွေးနွေးတင်ပြကြမည် ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ်-၄ဖြင့် အတည်ပြုပြဌာန်းခဲ့ပြီး အဆိုပါဥပဒေတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ရည်ရွယ်ချက်၊ ကော်မတီဖွဲ့စည်းခြင်း၊ ကော်မတီအဆင့်ဆင့်၏ တာဝန်လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ၊ စည်ပင်သာယာရေးဌာနများ ဖွဲ့စည်းခြင်း၊ စည်ပင်သာယာရေးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခွန်စည်းကြပ်ကောက်ခံခြင်း၊ စည်ပင်သာယာရေးလုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ တင်ဒါနှင့် လေလံဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲခြင်း၊ အနှေးယာဉ်များ စီမံခန့်ခွဲခြင်း၊ စက်တပ်ယာဉ်ငယ်/ ယာဉ်များနှင့် ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲခြင်း၊ ကူးတို့လုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ သားသတ်လုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊ အယူခံဝင်ခြင်း၊ ဘဏ္ဍာရေး၊ ဝန်ထမ်းဖွဲ့စည်းပုံ၊ ရန်ပုံငွေထိန်းသိမ်းခြင်း၊ စာရင်းစစ်ဆေးခြင်း၊ တားမြစ်ချက်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အထွေထွေစသည့် အခန်း(၂၂)ခန်း ပါဝင်သည်။
အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် လွှတ်တော်ရေးရာ ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။