Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းစံထံသို့ ကိုးရီးယားနိုင်ငံအခြေစိုက် New Life Koren magazine မှ Chief Editor လာရောက်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းစံထံသို့ ကိုးရီးယားနိုင်ငံအခြေစိုက် New Life Koren magazine မှ Chief Editor လာရောက်တွေ့ဆုံ

စက်တင်ဘာ ၁၃ (ပဲခူး)

==================================

စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးကျော်မင်းစံထံသို့ ကိုးရီးယားနိုင်ငံအခြေစိုက် New Life Koren magazine မှ Chief Editor, Mr. Shin Sung Hyun မှ ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှု ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လာရောက်မေးမြန်းသည်။

ရှေးဦးစွာ Mr. Shin Sung Hyun က ပဲခူးတိုင်းဒေသကြီး၏ သဘာဝနှင့်လိုက်လျောညီထွေ မှုဖြစ်စေမည့် ခရီးသွားလုပ်ငန်းများ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၊ ကိုရီးယားနိုင်ငံနှင့် လူမှုရေး စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အနာဂတ်စီမံကိန်းနှင့် ပဲခူးမြို့အတွင်း တစ်ရက်စာ ခရီးသွားလာနိုင်သည့် နေရာများ စသည်တို့ကို မေးမြန်းခဲ့သည်။

ထို့နောက် ဝန်ကြီးက ပဲခူးတိုင်းဒေသကြီးသည် သစ်တောဖုံးလွှမ်းမှု ၇၀% ခန့်ရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေဖြင့် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး၊ ဒေသခံပြည်သူ တစ်စုတစ်ဖွဲ့ပိုင် သစ်တောများတည်ထောင်ပေးခြင်းနှင့် ဆင်စခန်း(၆)ခုနှင့် မကြာမီက ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်း-အုတ်တွင်းလမ်းမပေါ်၌ သဘာဝခရီးသွားလုပ်ငန်းတစ်ခုအနေဖြင့် အပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်(၇၆) တွင် သဘာဝအခြေခံ ခရီးသွားစခန်းတစ်ခုလည်း ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး တောတွင်းခရီးသွား လာခြင်း၊ စက်ဘီးစီးခြင်း၊ မိသားစုအလိုက် တည်းခိုနေထိုင်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းများအနေဖြင့် ရွှေသတ္တုတူးဖော်ခြင်းအား ရွှေကျင်မြို့နယ်၌ ဆောင်ရွက် လျက်ရှိပြီး ပြည်ထောင်စုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရကြောင်း၊ အဓိကအားဖြင့် အောက်ခြေပြည်သူလူထု၏ သဘောထား ရယူရန်လည်း လိုအပ်ကြောင်း၊ ပြည်ခရိုင်အတွင်း သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ခြင်း ဆိုဒ်စမစ် တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်မြို့တွင် သရေခေတ္တရာ ပျူမြို့ဟောင်းရှိပြီး ယူနစ်စကိုမှ အသိအမှတ်ပြုထားပြီး ဖြစ်ကြောင်း၊ ပဲခူးမြို့တွင် ကမ္ဘာ့ရေတိမ်ဒေသ အပန်းဖြေစခန်းအဖြစ် မိုးယွင်းကြီးအင်းလည်း ရှိကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကြောင့် ပဲခူးဒေသအား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလည်း စိတ်ဝင်စားမှု ပိုမိုရရှိလာကြောင်း၊ နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ကြိုဆိုလျက်ရှိပြီး ပြည်ပကုမ္ပဏီများအနေဖြင့် ပြည်တွင်းအလုပ်သမား များ၏ ရပိုင်ခွင့် အခွင့်အရေးကို အလေးထား ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း ဧရာဝတီမြစ်နှင့် စစ်တောင်းမြစ်တို့ ဖြတ်သန်းစီးဆင်းလျက်ရှိခြင်းကြောင့် နှစ်စဉ် ရေကြီးလျှံမှုများ ဖြစ်ပေါ်နေပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းလမ်းများဖြင့် ကာကွယ်ဆောင်ရွက်ရန် ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူး မြို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့ ဖွံ့ဖြိုးတိုးတက်စေရန် ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့နှင့် အမွှာညီအစ်မ မြို့တော်အဖြစ် ပြုလုပ်ဆောင်စေလိုကြောင်း၊ ဒါမှသာ ကိုရီးယား နိုင်ငံမှ (ပညာရေး၊ နည်းပညာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး)တို့နှင့်ဆိုင်သော တက္ကသိုလ်များ လာရောက်ဖွင့်လှစ်နိုင်မည်ဖြစ်၍ ပဲခူးမြို့အတွက်သာမက တိုင်းဒေသကြီးနှင့် တစ်နိုင်ငံလုံးအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ ပဲခူးမြို့သို့ တစ်ရက်တာ ခရီးလာရောက်လည်ပတ်မည် ဆိုပါက ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီပုထိုးများ၊ ကမ္ဘောဇသာဒီနန်းတော်၊ ဝင်္ဂဘော်ဆင်စခန်း နှင့် မိုးယွင်းကြီးအင်း၊ မဇင်းဆည်တို့ကို သွားရောက်လည်ပတ်လေ့လာနိုင်နိုင်ပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ မေးမြန်းမှုများအား ကိုရီးယားနိုင်ငံ၏ New Life Korean Magazin တွင် မြန်မာ နိုင်ငံ၏ ပဲခူးတိုင်းဒေသကြီးအကြောင်းများ ထည့်သွင်းဖော်ပြနိုင်ရန် လာရောက်တွေ့ဆုံမေးမြန်းခြင်း ဖြစ်ကြောင်း သိရသည်။