Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီးအတွင်း အကြီးစားစက္ကူစက်ရုံ တည်ဆောက်နိုင်ရန် လာရောက်ကမ်းလှမ်း

ပဲခူးတိုင်းဒေသကြီးအတွင်း အကြီးစားစက္ကူစက်ရုံ တည်ဆောက်နိုင်ရန် လာရောက်ကမ်းလှမ်း

မေ ၁၈ (ပဲခူး)
===========

မေလ (၁၈)ရက်နေ့၊  မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့  ပဲခူးတိုင်းဒေသကြီးအတွင်း အကြီးစားစက္ကူစက်ရုံ တည်ဆောက် နိုင်ရန် ဟောင်ကောင်ဒေသအခြေစိုက် Le and Man Manufacturing Co., Ltd မှ Chairman , Mr. Raymond Lee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ Mr. Raymond Lee က မိမိတို့ကုမ္ပဏီသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့တွင် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါးကိုအခြေခံ၍ ထုတ်လုပ်သော်လည်း လေလွင့်မှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိခြင်းနှင့် အခြားစွန့်ပစ်ပစ္စည်းများ ပြင်ပသို့ ထွက်ရှိမှုမရှိပါကြောင်း၊ စက်ရုံမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများမှတဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ စက်ရုံကိုလည်ပတ်သွားမည်ဖြစ် စက်ရုံအတွက် ပြင်ပမှ လျှပ်စစ်ဓာတ်အား ထောက်ပံ့မှု မလိုအပ်ပါကြောင်း၊ ရုံအတွက် လိုအပ်သည့် မြေဧရိယာသည်(၃၄၀၀၀၀၀) စတုရန်းမီတာခန့် လိုအပ်မည်ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုများကို လိုက်နာဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စက်ရုံစီမံကိန်း ဆောက်လုပ်ခွင့်ရရှိပါက ဒေသခံပြည်သူ(၃၀၀၀)ခန့်အား တရုတ်နိုင်ငံ၌ (၁)နှစ် သင်တန်းပေးသွားမည်ဖြစ်ပါကြောင်းနှင့် အမေရိကန်ဒေါ်လာ (၃.၄)ဘီလီလျံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်က မိမိတို့ပဲခူးတိုင်းဒေသကြီးအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်တစား လာရောက်မှုကို ကျေးဇူးတင်ရှိကြောင်း၊ ပြည်တွင်း စက်ရုံ/အလုပ်ရုံ ရှားပါးမှု၊ လုပ်ခ/လစာ နည်းပါးမှုများ လူငယ်များသည် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်ကိုင်နေရကြောင်း၊ အဆွေတော်တို့ စက်ရုံများ ပဲခူးဒေသတွင် လာရောက် ရင်းနှီးမြှုပ်နှံပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလန်းများ ရရှိနိုင်မည်ဖြစ် ပြီး တိုင်းပြည်အတွက် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့မှလည်း ဥပဒေနှင့်အညီ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။