Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / ပဲခူးတိုင်းဒေသကြီး၊ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

ဖေဖော်ဝါရီ ၂၄ (တောင်ငူ)
=============================

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူတက္ကသိုလ်အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၄)ရက်နေ့၊ နေ့လည်(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှုးများ၊ လုပ်ငန်းကော်မတီဝင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုလ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲသည် (၂၁)ရာစုဒုတိယပင်လုံ၏ အသက်သွေးကြောတစ်ခုဖြစ်ကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည့် ကော်မတီများအား ထပ်မံဖြည့်စွက် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ တက်ရောက်လာသည့် ကော်မတီများအနေဖြင့် အခက်အခဲများရှိက တင်ပြကြရန်လိုကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့် ဧည့်သည်များ သတ်မှတ်သည့်နေ့တွင် အချိန်တည့်ကျစွာ ရောက်ရှိနိုင်ရေး၊ တည်းခိုနေထိုင်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် ကျန်းမာရေးတို့အတွက် ပြည့်စုံစွာစီစဉ် ဆောင်ရွက်ပေးရန်လိုကြောင်းပြောကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုများအပေါ် အခက်အခဲရှိက တင်ပြကြရန် သို့မှသာချက်ခြင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား အသေးစိတ် ဆွေးနွေးတင်ပြကြကြောင်းသိရသည်။