Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / ပဲခူးတိုင်းဒေသကြီး၏ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် နှစ်အလိုက်စီမံကိန်းလုပ်ငန်းများအား ပြည်သူများအချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Mobile Application စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၏ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် နှစ်အလိုက်စီမံကိန်းလုပ်ငန်းများအား ပြည်သူများအချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Mobile Application စတင်ဆောင်ရွက်

မေ ၂၃ (ပဲခူး)

==================

          ပဲခူးတိုင်းဒေသကြီး၏ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် နှစ်အလိုက်စီမံကိန်းလုပ်ငန်းများအား ပြည်သူများအချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Mobile Application မိတ်ဆက်ခြင်းအား Host Myanmar Software Solution မှ မေလ(၂၃)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ  Host Myanmar Software Solution မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာသန့်က e-bago (Mobile Application) ရေးဆွဲထားမှုနှင့် ပါဝင်သည့် အချက်အလက် အသေးစိတ်အား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          4ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က e-bago (Mobile Application) ရေးဆွဲရခြင်းသည် e-Government ၏ ခြေလှမ်းအစပင်ဖြစ်ကြောင်း၊ e-bago (Mobile Application) သည် အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများကို ပြည်သူများအနေဖြင့် ခရိုင်/မြို့နယ်အလိုက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင် မည်သည့်လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်မည်ကို ကြိုတင်သိရှိ ရမည်ဖြစ်ပြီး လုပ်ငန်းအသေးစိတ်အချက်အလက်များဖြစ်သည့် ဘတ်ဂျက်ငွေ၊ တင်ဒါအောင်မြင် သည့်ကုမ္ပဏီ၊ အရည်အသွေစစ်ဆေးမည့် အဖွဲ့အစည်း၊ လုပ်ငန်းပြီးစီးသည့်ရာခိုင်နှုန်း၊ လုပ်ငန်း စတင်ဆောင်ရွက်မည့်အချိန်နှင့် ပြီးစီးမည့်အချိန်တို့ ပါရှိမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန် ရည်ရွယ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး၏ ဘတ်ဂျက်ငွေသုံးစွဲမှုနှင့် နှစ်အလိုက်စီမံကိန်းလုပ်ငန်းများ e-bago (Mobile Application) အား ဇွန်လအတွင်း စတင်လွှင့်တင်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

          အဆိုပါ e-bago (Mobile Application) မိတ်ဆက်ရှင်းလင်းပွဲသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Host Myanmar Software Solution မှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။