Home / အုပ်ချုပ်ရေး / တောင်ငူခရိုင် / ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (တတိယနေ့)ကျင်းပပြုလုပ်။

ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (တတိယနေ့)ကျင်းပပြုလုပ်။

ဖေဖော်ဝါရီ ၂၈ (တောင်ငူ)
====================

ဖေဖော်ဝါရီလ(၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က တောင်ငူမြို့ပညာရေးကောလိပ်၊ မြတ်ပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(တတိယနေ့)အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နိုင်ငံတော်အလံကို အလေးပြုကြပြီး ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ ဥက္ကဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ ယခုအခါ နိုင်ငံရေးလမ်းပြမြေပုံပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်း အဆင့်ဆင့်သို့ လျှောက်လှမ်းနေကြပြီဖြစ်ကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးမှ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး မူဝါဒများရရှိရေးအတွက် ခရိုင်အဆင့်အကြို ဆွေးနွေးပွဲများကို ကြိုတင်၍ကျင်းပခဲ့ပြီး သဘောထားစုစည်းချက်များကို စုစည်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးများ၊ အရပ်ဘက်လူအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်နိုင်ရေးအတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ အသီးသီးတို့၏ လုပ်ငန်းအကောင်အထည်ဖော်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲ ကျင်းပခွင့် ရခြင်းသည် ပဲခူးတိုင်းဒေသကြီးအတွက် ဂုဏ်ယူဖွယ် သမိုင်းမှတ်တိုင်ကြီးတစ်ခုဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လက္ခဏာများ ဖြစ်ထွန်းနေခြင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တည်ရှိနေခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်မြင့်ဆောင်ရွက်နေကြတဲ့အတွက် UPDJCမှ ရွေးချယ်တာဝန်ပေး အပ်ခြင်းခံရတာလို့ခံယူကြောင်း၊ အချိန်တိုအတွင်း ဆောင်ရွက်ရခြင်း၊ အတွေ့အကြုံနည်းခြင်းတို့အတွက် အားနည်းချက်များ၊ လုပ်ငန်းလစ်ဟာမှုများရှိပါက နားလည်ခွင့်လွှတ်ပေးပရန် မေတ္တာရပ်ခံကြောင်း ပြောကြားသည်။
ထို့နောက် သဘာပတိအဖွဲ့မှ နေရာယူကာ နိုင်ငံရေးကဏ္ဍဆိုင်ရာစာတမ်းများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတသစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ၊ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းနှင့် KNUကရင်အမျိုးသားအစည်းအရုံးမှ စောပိုပိုထူးအောင်တို့ကလည်းကောင်း၊ စီးပွားရေးကဏ္ဍဆိုင်ရာ စာတမ်းအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာမင်းအောင်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးသိန်းနိုင်ဝင်းတို့မှလည်းကောင်း၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာစာတမ်းများအား စိုက်ပျ်ုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်နှင့် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာညွန့်စိုးတို့မှလည်းကောင်း အသီးသီးဖတ်ကြား ကြသည်။
ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီဒုတိယ ဥက္ကဌ ဦးသုဝေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်၊ ဦးဝင်းထိန်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းတို့က နိဂုံးချုပ် အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ ကြီးကြပ်မှုကော်မတီဥက္ကဌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးမှ စာတမ်းများနှင့် ဆွေးနွေးချက်များအား မှတ်တမ်းတင်နိုင်ရေးအတွက် ကြေငြာပြီး မွန်းလွှဲ(၂:၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (တတိယနေ့)အား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအား ညနေ(၆)နာရီအချိန်တွင် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြကြောင်းသိရသည်။