Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

စက်တင်ဘာ ၁၁ (ပဲခူး)

====================================

စက်တင်ဘာလ (၁၁)ရက်နေ့၊ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးလုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ရခိုင်အရေးနှင့်ပတ်သက်ပြီး ပြည်တွင်းအကြမ်းဖက်မှုများ လုပ်ကိုင်ဆောင်ရွက်ရန် သတင်းများရရှိ ထားပြီးဖြစ်ကြောင်း၊ IS စစ်သွေးကြွများသည် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးအရ ဆုံးရှုံးခဲ့ရ သဖြင့် အရှေ့တောင်အာရှနိုင်ငံဘက်သို့ ဦးတည်ဝင်ရောက်လာခြင်း၊ ဒီလိုဝင်ရောက်လာမှုနှင့်အတူ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များပါ အတူပါဝင်လာကြောင်း၊ ရခိုင်ဖြစ်စဉ်သည် ဘာသာရေး ပဋိပက္ခအသွင်မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်သည် အချိန်မရွေး နေရာမရွေး ဖြစ်ပွားနိုင်၍ ပြည်သူများ သတိရှိစေလိုကြောင်း၊ ပဋိပက္ခဖြစ်စဉ်များ၌ မီဒီယာများ အနေဖြင့်လည်း ဘက်လိုက်မှုများရှိနေသဖြင့် နိုင်ငံတကာသို့ သတင်းအမှန်သိရှိရန် အခက်အခဲများ ရှိကြောင်း၊ ယနေ့အချိန်အခါသည် လုံခြုံရေးအရ အရေးကြီးသည့် အချိန်အခါဖြစ်၍ ပြည်သူများမှ လုံခြုံရေးအဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အကြမ်းဖက်မှုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝပိုင်ဆိုင်နေသည့် အနောက်နိုင်ငံကြီး တွေမှာတောင် ဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသည် ထောက်ခံထောက်ပံ့မှု အားကောင်းခြင်း၊ နိုင်ငံတကာ မီဒီယာအားကောင်းခြင်းတို့ကို ပိုင်ဆိုင်ထားကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ လုံခြုံရေးနှင့်ပတ်သက်လာလျှင် မည်သည့်အကြမ်းဖက်မှုကိုမဆို ပြတ်ပြတ်သားသား ဖြေရှင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်မှုကို ဖြေရှင်းဆောင်ရွက်နေရသလို တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မညီမျှမှုတွေကို ဖြေရှင်းပေးနေရသည့် အချိန်အခါလည်းဖြစ်ကြောင်း၊ အကြမ်းဖက်မှုနောက်ကွယ်က မည်သည့် အရာကိုမျှ လက်ခံစဉ်းစားနေမည်မဟုတ်ဘဲ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ သယံဇတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းစံက ရခိုင်အရေးကိစ္စသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုများပြား လာခြင်းနှင့် လူဦးရေပေါက်ကွဲမှုများလာခြင်းကြောင့် ရခိုင်ပြည်နယ်ဘက်သို့ ဝင်ရောက်ခဲ့သည်ကို သိရှိရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေစဉ် ဒီဖြစ်ရပ်မျိုးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေကြောင်း၊ တာဝန် ထမ်းဆောင်သူများအနေဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရာတွင် သတ်မှတ်ယူနီဖောင်းများ စနစ်တကျဝတ်ဆင်ကာ ပြည်သူများ အထိတ်တလန့်မဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်က အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက် ပြီး တိုင်းဒေသကြီးအတွင်း မမှန်မကန် သတင်းများလွှင့်ခြင်း၊ ဆူပူမှုဖြစ်အောင် သွေးထိုးလှို့ဆော် ခြင်းများ မဖြစ်ပေါ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြရန်လိုအပ်ကြောင်း၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးထွန်းနိုင်က တပ်မတော်အနေဖြင့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင်ပတ်သက်၍ လိုအပ်ပါက ပူးပေါင်းဆောင်ရွက်နိုင်ရန် အသင့်ပြင်ဆင်ထားရှိပြီး ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ပဲခူးတိုင်းဒေသကြီးသည် လမ်းဆုံမြို့ တစ်မြို့ဖြစ်ပြီး၊ အခြားတိုင်းဒေသကြီးများ၏ ဖြစ်စဉ်များ အလွယ်တကူ ကူးဆက်လာနိုင်၍ အကြမ်း ဖက်မှုဖြစ်စဉ်များ လုံခြုံရေးအစီအမံများ အသေးစိတ်ရေးဆွဲထားရန် လိုအပ်ကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ လုံခြုံရေးနှင်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

 ပဲခူးတိုင်းဒေသကြီးလုံခြုံရေးအတွက် ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုများ အချိန်နှင့် တစ်ပြေးညီ ကိုင်တွယ်ဖြေရှင်းနိုင်ရန် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်များတွင် လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးကော်မတီ၊ သတင်းအမှန်ထုတ်ယူရေးကော်မတီနှင့် သတင်းရယူ ထောက်လှမ်းရေး ကော်မတီများအား အမြဲတမ်းဖွဲ့စည်းထားရှိသွားမည်ဖြစ်ပြီး သတင်းအမှန် ထုတ်ပြန်ရေးကော်မတီအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ထားရှိကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ သတင်းတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်ဖွဲ့စည်းသွားမည်ဖြစ်သည့် အပြင် Hot Line ဖုန်းနံပါတ်များကိုလည်း ပြည်သူများသိရှိစေရန် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

အစည်းအဝေးသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မမှူး ဗိုလ်မှူးကြီး မိုးထွန်းနိုင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြောင်း သိရသည်။