Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူး-သနပ်ပင်ကားလမ်း (၄)လမ်းသွား တိုးချဲ့ဆောင်ရွက်မည့်အခြေအနေအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူး-သနပ်ပင်ကားလမ်း (၄)လမ်းသွား တိုးချဲ့ဆောင်ရွက်မည့်အခြေအနေအား ကွင်းဆင်းကြည့်ရှု

စက်တင်ဘာ ၁၃ (ပဲခူး)
====================================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၁၃)ရက်နေ့ ညနေ(၄)နာရီအချိန်က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပဲခူး-သနပ်ပင်-ခရမ်း-သုံးခွ-သံလျင်ကားလမ်း (၄)လမ်းသွား တိုးချဲ့ဆောင်ရွက်မည့် အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပဲခူး-သနပ်ပင်ကားလမ်းသည် (၂)လမ်းသွား ကားလမ်းဖြစ်ပြီး ယခုအခါ ယာဉ်ကြောရှုပ်ထွေး ကြပ်တည်းနေသောကြောင့် ပြည်သူများ သွားလာမှု လွယ်ကူချောမွေ့စေရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၁၇-၁၈ခု ဘဏ္ဍာရေးနှစ်၊ ပွင့်လင်းရာသီ၌ ပြည်ထောင်စု ငွေလုံးငွေရင်း ရံပုံငွေကျပ်သန်း (၈၆၀)၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရံပုံငွေကျပ်သန်း (၁၂၉၀)တို့ဖြင့် (၄၈)ပေအကျယ် (၄)လမ်းသွား ကတ္တရာကွန်ကရိ (AC)အမျိုးအစားနှင့် ကွန်ကရိလမ်းConcrete pavement အမျိုးအစားတို့ဖြင့် ပဲခူးမြို့ နာရီစင်ရှေ့ မိုင်(၀/၀)မှစတင်၍ ကမာနတ်ကျေးရွာထိပ် စိန်သာလျောင်းဘုရားလမ်းဆုံ မိုင်(၁/၇)အထိ အဆင့်မြှင့်တင် ခင်းပေးသွားမည်ဖြစ်သည့်အပြင် လမ်းအင်္ဂါရပ်နှင့် ညီညွတ်စေရန် ရေမြောင်း platformများ၊ road furniture များပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘုရားစျေးသစ် ပြန်လည်တည်ဆောက်ခြင်းမပြုမီ အချိန်အတွင်း စျေးသည်များ စျေးရောင်းချနေမှုနှင့် စျေးအခြေအနေအား ဝင်ရောက်ကြည့်ရှုပြီး စျေးသစ်ပြန်လည်တည်ဆောက်မည့် အခြေအနေနှင့် ပတ်သက်၍ စျေးသည်အများ၏ ဆန္ဒကို မေးမြန်းခြင်းများ ပြုလုပ်ကာ တာဝန်ရှိသူများအား စျေးအတွင်း/အပြင် အမြဲသန့်ရှင်းအောင် ပြုလုပ်ကြရန် မှာကြားခဲ့သည်။
ဘုရားစျေးသစ်အား စျေးသည်များ၏ သဘောဆန္ဒကိုခံယူပြီး အများဆန္ဒအတိုင်း စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။