Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး ဖွင့်ပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး ဖွင့်ပွဲကျင်းပပြုလုပ်

မတ် ၁၂ (ပဲခူး)

==================================

 မတ်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ်၊ (၇)ရပ်ကွက်၊ ကျိုက်ပေါဘုရားလမ်းတွင် ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးသစ်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကြေးပြားကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုကြသည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှုးချူပ်တို့က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ယနေ့ဖွင့်ပွဲမှစတင်ပြီး ပြည်သူလူထု၏ ကျန်းမာရေးနှင့် အကျိုးစီးပွားအတွက် အကောင်းဆုံး အထောက်အကူပြုပေးနိုင်မည့် ဝန်ထမ်းအဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားကြပြီး ရုံးသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင် ပေးအပ်ကြသည်။

            အဆိုပါရုံး အဆောက်အဦသည် ၂၀၁၅-၁၆ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သန်း (၂၀၀)ဖြင့် Royal Pholamin ကုမ္ပဏီမှ တာဝန်ယူကာ အလျား(၇၀)ပေ၊ အနံ(၃၀)ပေ RCCသုံးထပ် ပင်မရုံး အဆောက်အဦအပါအဝင် ဓါတ်ခွဲခန်းနှစ်ထပ်ရုံး၊ (၄)ခန်းတွဲ(၂)ထပ် ဝန်ထမ်းအိမ်ယာတို့ကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီ(၄)ရက်နေ့တွင် အုတ်မြစ်ချဆောက်လုပ်ခဲ့ပြီး ၂၀၁ရခုနှစ် ဇူလှိုင်လ(၂၁)ရက်နေ့တွင် လုပ်ငန်းအားလုံး ပြီးစီးသွားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဖွဲ့စည်းပြီးသည့်နောက် တိုင်းဒေသကြီးအတွင်း ရေသန့်လုပ်ငန်းများစစ်ဆေးခြင်း၊ ဆေးဆိုင်များစစ်ဆေးခြင်း၊ စျေးဆိုင်များ စစ်ဆေးခြင်း၊ မြို့ပေါ်/ကျေးလက်ဒေသရှိ ပြည်သူများအား အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ စျေးကွက်နမူနာများ ကောက်ယူ၍ ဓါတ်ခွဲစစ်ဆေးခြင်း၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များရှိ စားသောက်ဆိုင်များအား အစားအသောက် ဘေးကင်းမှုရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည့်အပြင် အန္တရာယ်ဖြစ်စေမည့် အစားအသောက်များနှင့် ပတ်သက်ပြီး အရေးယူဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

             အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေး ကော်မတီ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့တို့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အညီ ပြည်သူလူထုအား အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့် ဆေးပစ္စည်းများ ရရှိသုံးစွဲနိုင်ရေးကို အမျိုးသားလုံခြုံရေး ခံယူချက်ဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ခြင်းကို မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို ရယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။