Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပြည်သူ့ကျန်းမာရေးဦးစီးဌာန / ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ရေတာရှည်မြို့တွင် အခမဲ့မျက်စိကျန်းမာရေး စစ်ဆေးကုသမှု လုပ်ငန်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ရေတာရှည်မြို့တွင် အခမဲ့မျက်စိကျန်းမာရေး စစ်ဆေးကုသမှု လုပ်ငန်းများဆောင်ရွက်

မတ် ၁၄ (ရေတာရှည်)
==================================

တောင်ငူခရိုင်၊ ရေတာရှည်မြို့၊ စိုင်းတမော့ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့မျက်စိကျန်းမာရေး စစ်ဆေးကုသမှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုအား မတ်လ(၁၄)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါ အခမဲ့မျက်စိကျန်းမာရေး စစ်ဆေးကုသမှုလုပ်ငန်းအား အစိုးရအဖွဲ့နှင့်အတူ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဒေသကြီး(၄) ပဲခူးမြို့မှ မျက်စိအထူးကုဆရာဝန်ကြီး၊ ဒုတိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာနမှူး (စီမံဘဏ္ဍာ)ဒေါက်တာကိုဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဂျင်ဗောဓိတရားကျင့်ကြံမှု အလင်းရောင်ပေးပို့ခြင်း ပရဟိတအဖွဲ့တို့ပူးပေါင်း၍ မတ်လ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ရေတာရှည်မြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ပေါက်ချောင်းကျေးရွာအုပ်စု၊ ကြံသနွယ်ကျေးရွာအုပ်စု၊ ပိတောက်ခင်ကျေးရွာအုပ်စု၊ ဆင်ဂွေကျေးရွာအုပ်စု၊ ကျွဲရိုင်းပြင်ကျေးရွာအုပ်စု၊ ဝါးရုံးတောကျေးရွာအုပ်စုတို့မှ ပြည်သူများနှင့် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်မှ ပြည်သူများ စုစုပေါင်း မျက်စိဝေဒနာရှင် (၈၀၈)ဦး လာရောက်ပြသရာ ခွဲစိတ်ကုသရန်လိုအပ်သော အတွင်းတိမ်နှင့် ရေတိမ်လူနာ(၁၈၂)ဦး၊ မျက်မှန်လိုအပ်သည့် လူနာ(၃၆၅)ဦးနှင့် အခြားမျက်စိဝေဒနာရှင် (၂၆၁)ဦးတို့အား မျက်မှန်များ၊ မျက်စဉ်းဆေးများနှင့် မျက်စိအတွက် လိုအပ်သောဆေးဝါးများအား အခမဲ့စမ်းသပ်စစ်ဆေး ကုသမှုပြုလုပ်ပေးခဲ့ကြသည်။
ထို့အပြင် ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး၊ ဒုတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (စီမံဘဏ္ဍာ)ဒေါက်တာကိုဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဒေသခံပြည်သူများအား မျက်စိကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောမှုများပြုလုပ်ပြီး စမ်းသပ်စစ်ဆေးချက်အရ ခွဲစိတ်ကုသရန်လိုအပ်သော မျက်စိဝေဒနာရှင်(၁၈၂)ဦးအား ပဲခူးမြို့ မျက်မမြင်ကာကွယ်ရေး စီမံကိန်းဒေသကြီး(၄)တွင် မတ်လ(၂၈)ရက်နေ့မှ စတင်၍ ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ပြုလုပ်သော မျက်စိကျန်းမာရေးစောင့်ရှောက်မှုအား ခရိုင်/မြို့နယ်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိ/ရပ်ဖ အထောက်အကူပြုအဖွဲ့များနှင့် ဂျင်ဗောဓိတရားကျင့်ကြံမှု အလင်းရောင်ပေးပို့ခြင်း ပရဟိတအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။