Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၂၀၁၈ ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၂၀၁၈ ဖွင့်ပွဲကျင်းပ

သြဂုတ် ၉ (ပဲခူး)

====================

           ပဲခူးမြို့ မြို့တော်ခန်းမတွင် သြဂုတ်လ(၉)ရက်နေ့ နံနက် (၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”၂၀၁၈ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူအများစုသည် အာဟာရချို့တဲ့ခြင်း၊ အာဟာရလွန်ကဲခြင်း ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် နို့တိုက်မိခင်များသည် အာဟာရချို့ တဲ့မှုကို အခံစားရဆုံးသောအုပ်စုဖြစ်ကြောင်း၊ အာဟာရချို့တဲ့ရခြင်းသည် အကြောင်းအချက်များစွာအပေါ်တွင် မူတည်နေကြောင်း၊ နိုင်ငံသူ/ သားများ၏ အာဟာရအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခြေခံအဆောက်အဦတစ်ခုလည်း ဖြစ်ကြောင်း၊ အာဟာရပြည့်ဝမျှတပြီး ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာစေရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာနှင့် မိတ်ဖက် အဖွဲ့အစည်းအသီးသီးတို့ အတူလက်တွဲ ဆောင်ရွက်သွားကြရန်လိုကြောင်း အဖွင့်အမှာ စကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှုး ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာအေးငြိမ်းက  “အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်”နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

                ထို့နောက် မိခင်နို့တိုက်ကျွေးမှု စံပြမိခင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မိခင်များအား စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးကလည်းကောင်း၊ အာဟာရပြည့်ဝမျှတသည့် အစားအစာများ ချက်ပြုတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်ကလည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော သားဖွားသင်တန်းသူများအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

                 ယင်းနောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် ဝန်ကြီးတို့က ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်ဆေးပြား ဖြန့်ဝေပေးခြင်းများ ပြုလုပ်ကြပြီး ကျန်းမာရေးဝန်ထမ်းများမှ အိုင်အိုဒင်းဆားကို အရည်အသွေးစစ်ဆေးခြင်း ပြုလုပ်နေမှုအား ကြည့်ရှုကြကြောင်း သိရသည်။

                 အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုကို ပြည်သူလူထုမှ အာဟာရ လုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ အာဟာရပညာကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်စေရန် ရည်ရွယ်၍ သြဂုတ်လတစ်လလုံးတွင် အစိုးရမဟုတ်သော ပြည်တွင်း/ ပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

                 မြန်မာနိုင်ငံ၏ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် သြဂုတ်လ ပထမပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း၊ ဒုတိယပတ်ကို ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသား လူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ်လည်းကောင်း၊ တတိယပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ်လည်းကောင်း၊ စတုတ္ထပတ်ကို အိုင်အိုဒင်းချို့တဲ့မှုရောဂါများ ပပျောက်ရေး ရက်သတ္တပတ်များအဖြစ် လည်းကောင်း ခွဲခြားသတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

      ၂၀၁၈ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၏ ဆောင်ပုဒ်သည် “မိခင်နို့ရည် ချိုမြမြ ရင်သွေးငယ်ဘဝ စိတ်ချရ”ဖြစ်ပြီး  မိခင်များ ကိုယ်ဝန်စဆောင်ချိန်မှ ကလေးအသက် (၂)နှစ်အထိကို ပထမရက်ပေါင်း(၁၀၀၀)အဖြစ် သတ်မှတ်ကာ အာဟာရပြည့်ဝဖို့အတွက် ပြုစု ပျိုးထောင်ပေးဖို့လိုအပ်ပါတယ်၊ ကလေးမွေးပြီးပြီးချင်း တစ်နာရီအတွင်း မိခင်နို့စတင် တိုက်ကျွေးရမှာဖြစ်ပြီး အသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းဘဲ တိုက်ကျွေးရမှာ ဖြစ်ပါတယ်။ အသက်(၆)လပြည့်ပြီးသွားရင်တော့ မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့တဲ့ အတွက် ဖြည့်စွက်စာကျွေးခြင်းနှင့်အတူ မိခင်နို့ပါ ဆက်လက်တိုက်ကျွေး သွားရမှာဖြစ်ကြောင်း “ပဲခူးတိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာလွင်လွင်ရီ ကပြောသည်။

                  အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်း လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပဲခူးဆေးရုံအုပ်ကြီးနှင့် ဆေးရုံမှတာဝန်ရှိဝန်ထမ်းများ၊ ပဲခူးမြို့သားဖွားသင်တန်း ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ သင်တန်းသူများ၊ ပညာရေးဌာနမှ ဆရာ/မများ၊ ကင်းထောက်မောင်မယ်များ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။