Home / ပဲခူးမြို့နယ် / ပဲခူးတိုင်းဒေသကြီး ၂၀၁၈ခုနှစ် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး ၂၀၁၈ခုနှစ် ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မေ ၁၄ (ပဲခူး)
=================================

မေလ(၁၄)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ဥဿာမြို့သစ်(၆)ရပ်ကွက်၊ သမိန်ဗရမ်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပဲခူးတိုင်းဒေသကြီးဘဏ်ခွဲ၊ ပဲခူးမြို့တွင် ၂၀၁၈ခုနှစ်၊ ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက လမ်းညွှန်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းထိုက်က ချေးငွေပြန်လည်ကောက်ခံရရှိမှုနှင့် ၂၀၁၈ခုနှစ် မိုးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မန်နေဂျာများက မိမိတို့မြို့နယ်အလိုက် ၂၀၁၈ခုနှစ် မိုးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
၂၀၁၈ခုနှစ် ရာသီအလိုက် စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မိုးစပါးနှင့် အခြားသီးနှံများစိုက်ပျိုးရန်အတွက် (၁)ဧကမှ(၁၀)ဧကအထိ ထုတ်ချေးမည်ဖြစ်ပြီး မိုးစပါး(၁)ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံ(၁)ဧကလျှင် (၅)သောင်းနှုန်းဖြင့်လည်းကောင်း ထုတ်ချေးမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာအုပ်စု(၁၅၀၁)အုပ်စုမှ တောင်သူ(၃၄၇၂၇၃)ဦး၏ စိုက်ဧက(၂၀၈၉၉၈၀)ဧကအား ၂၀၁ရခုနှစ်တွင် ချေးငွေပေါင်း (၃၁၃၁၉၆.၃၀)သန်း ထုတ်ချေးခဲ့ပြီး ချေးငွေပြန်လည်ရရှိမှုအနေဖြင့် (၁၄၁၇၅၁.၈၃)သန်း (၄၅.၂၆)ရာခိုင်နှုန်းသာ ပြန်လည်ရရှိသည်။ ယခု၂၀၁၈ခုနှစ်တွင် မိုးစပါးစိုက်ဧက (၂၂၈၆၀၄၇)ဧက၊ အခြားသီးနှံ(၆၀၀၀)ဧကတို့အား ချေးငွေ(၃၄၂၃၀၇.၀၅)သန်း ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင် ယခင်နှစ်များက တောင်သူသုံးဦးအစုအဖွဲ့အလိုက် (ဝိုင်းလေးချုပ်)အာမခံသည့်စနစ်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မူရင်းကိုပြသစေပြီး တိုက်ဆိုင်စစ်ဆေးထုတ်ပေးခဲ့ပြီး အဆိုပါစနစ်အရ ဝိုင်းလေးချုပ်တွင်ပါဝင်သူ တစ်ဦးဦးက ချေးငွေကျေအောင်ပေးဆပ်ရန် ပျက်ကွက်ပါက ကျန်နှစ်ဦးကိုလည်း ချေးငွေသစ်ထုတ်ချေးခြင်းမပြုသဖြင့် ချေးငွေပြေကျေသော တောင်သူများ နစ်နာမှုများရှိခဲ့သည်။ ယခု၂၀၁၈ခုနှစ် မိုးချေးငွေထုတ်ချေးရာတွင် ယခင်နှစ်များအတိုင်း မပြုလုပ်တော့ဘဲ တောင်သူတစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ အပေါင်အဖြစ်ပေးအပ်ပြီး တောင်သူတစ်ဦးချင်းက ကိုယ်တိုင်အာမခံစနစ်ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း” တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းထိုက်က ပြောကြားသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီး၊ တိုင်းဒေသကြီးမန်နေဂျာနှင့် မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်မန်နေဂျာများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။