Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန / ပညာရေးညွှန်ကြားရေးမှူးရုံး / ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

မေ ၂၉ (ပဲခူး)

========================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက တောင်တန်းမြေကဖိတ်ခေါ်သံ သီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက” ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသော နိုင်ငံတော်ရဲ့ ပညာရေးဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ၊ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ လူတိုင်းပညာတတ်ရေး၊ ပညာရှိရေးအတွက် အရွယ်(၃)ပါးမှ ပထမအရွယ်ဖြစ်သော ကျောင်းနေအရွယ်ကလေးများ ပညာရှာရန် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းသို့ ရောက်ရှိရန်လိုအပ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရန် ပညာရေးဌာနတစ်ခုထဲ လုပ်ဆောင်၍မရဘဲ အစိုးရ၊ လူမှုရေးအဖွဲ့အစည်း၊ မိဘပြည်သူ၊ ဆရာ၊ကျောင်းသား ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေကြောင်း အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးကျော်ဆင့်က ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနနှင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံနှင့် အလှူငွေများအား တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဆရာကြီးဆရာမကြီးများထံ ပေးအပ်လှူဒါန်းကြပြီး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အမှတ်အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းနေသူအားလုံးအား နိုင်ငံတော်မှ မူလတန်းကျောင်းသားတစ်ဦးလျှင် ပုံနှိပ်စာအုပ်အစုံ၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းဝတ်စုံ(၁)စုံ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလတန်းကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်(၆)အုပ်တို့ကို ထောက်ပံ့ပေးခဲ့ပြီး ယနေ့အခမ်းအနားတွင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးအတွက် အစိုးရ၊ ဌာနဆိုင်ရာ၊ လူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်များက လှူဒါန်းမှုစုစုပေါင်း တန်ဖိုးငွေကျပ်သန်း (၉၃၇၁.၃၂)သန်းရှိကြောင်းသိရပြီး ပညာရေးဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ အထက်တန်းကျောင်း(၃၁)ကျောင်း၊ အလယ်တန်းကျောင်း (၁၄၁)ကျောင်း၊ မူလတန်းကျောင်း(၇၆)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၃၅)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၅၉)ကျောင်း၊ မူလွန်ကျောင်း(၄၉)ကျောင်း၊ မူလတန်းကျောင်း(ခွဲ) (၃၉)ကျောင်း၊ စုစုပေါင်း(၄၃၀)ကျောင်းတို့အား ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညွန့်ဖေ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များတက်ရောက်ကြကြောင်း သတင်းရရှိသည်။